၂၀၁၈ ဘေ့စ်ဘောရာသီတွင် Chicago Cubs (ချီကာဂိုဝံပေါက်) အသင်း၏ နည်းပြသည် ကျင်းအနားထိုင်နေသည့် လူငယ်လေးထံ ဘေ့စ်ဘောဘောလုံးကို ပို့ပေးချင်ခဲ့သည်။ လူငယ်လေးထံချိန်ပြီး ဘောလုံးကို လွှဲရိုက်လိုက်သော်လည်း သူ့အစား လူတစ်ယောက်က ဖြတ်ပြီး ဘောလုံးကို ဖမ်းလိုက်သည်။ ထိုပွဲ၏ ဗီဒီယိုမှာ ဟိုးလေးတကျော်ဖြစ်သွားပြီး သတင်းဌာနနှင့် လူမှုကွန်ရက်မီဒီယာများမှ ထိုသူ၏ရိုင်းပျမှုကို ထိုးနှက်ခဲ့သည်။ ကြည့်ရှုသူများသည် ဖြစ်စဉ်အစအဆုံးကို မသိပါ။ စစခြင်းကတည်းက ထိုသူသည် လူငယ်လေး ပြစ်ဒဏ်ဘောရရန် ကူညီပေးခဲ့ပြီး သူတို့ထံလာသည့် မည်သည့် ထပ်ပေါင်းဘောလုံးမျိုးကိုမဆို အတူဖမ်းရန် သဘောတူခဲ့သည်။ အကြောင်းမလှစွာနှင့်ပင် ၂၄ နာရီလွန်သွားပြီးမှ အဖြစ်မှန် ပေါ်ပေါက်ခဲ့သည်။ သို့သော် ပရိသတ်ကြီးက အပြစ်ကင်းသူကို မကောင်းဆိုးဝါး ဖြစ်စေလျက် အဖြစ်မှန်ကို ဖျက်ဆီးပြီးခဲ့ပြီဖြစ်သည်။

မကြာခဏဆိုသလို မိမိ၌အချက်အလက်အချို့သာရှိနေချိန်တွင် အားလုံးရှိနေပြီဟု ကျွန်ုပ်တို့ထင်တတ်ကြသည်။ ခေတ်ကိုက ‘မိပြီဟေ့’ ဟုဖော်သည့်ခေတ်။ ဗီဒီယိုအပိုင်းအစနှင့် ဖောင်းပွနေသည့် သတင်းအချက်အလက်ဖြင့် ဇာတ်ကြောင်းအပြည့်အစုံ မကြားရသေးဘဲနှင့် လူကိုရှုံ့ချရန်မှာ လွယ်ကူလှသည်။ မည်သို့ပင်ဖြစ်ဖြစ် နှုတ်ကပတ်တော်မှ “မှားသောသတင်းစကားကို မကြားမပြောရ” (ထွက် ၂၃:၁) ဟု ကျွန်ုပ်တို့ကို သတိပေးသည်။ စွပ်စွဲချက်မတင်မီ မုသားလှည့်စားမှုနောက် မပါမိအောင်၊ အမှန်တရားကို သေချာသိရရန် ကျွန်ုပ်တို့လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ရပါမည်။ ကိုယ့်သဘောအလျောက် စီရင်မိတော့မည့်အခါဖြစ်‌စေ၊ ဒေါသလောင်မြှိုက်ပြီး စီရင်ချက်လှိုင်းများ ထလာသည့်အခါဖြစ်စေ ကျွန်ုပ်တို့ သတိရှိရန် လိုပါသည်။ “လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ” (:၂)။ ထိုသို့မဖြစ်အောင် ကျွန်ုပ်တို့ မိမိကိုယ်ကို ကာကွယ်လိုကြပါသည်။

ခရစ်တော်၌ယုံကြည်သူများဖြစ်သည့်အတွက် သတင်းအမှားအယွင်းကို မဖြန့်မိရေး ဘုရားသခင် ကူညီတော်မူပါ။ ဉာဏ်ပညာကို ဖော်ပြရန်နှင့် ကျွန်ုပ်တို့ ၏စကားများ အမှန်အကန်ဖြစ်ကြောင်း သေချာစေရေး ဘုရားသခင် ကူညီမစတော်မူပါ။