စီအယ်ရာ သည် မူးယစ်ဆေးစွဲနေသည့်သားကြောင့် ၀မ်းနည်းပြီး စိတ်ထိခိုက်ေနေသည်။ “ကျွန်မစိတ်မကောင်းဘူး။ ကျွန်မဆုတောင်းနေတုန်း မငိုဘဲမနေနိုင်တဲ့အတွက် ကျွန်မမှာ ယုံကြည်ခြင်းမရှိဘူးလို့ ဘုရားသခင်ထင်မှာလား” ဟုမေးသည်။

“ဘုရားသခင်ဘာတွေးနေလဲ ကျွန်မမသိဘူး။ ဒါပေမဲ့ ကိုယ်တော်က ခံစားချက်အစစ်အမှန်တွေကို နားလည်တယ်ဆိုတာ ကျွန်မသိတယ်”ဟု ကျွန်မပြန်ဖြေလိုက်သည်။ သူမ၏သားလွတ်မြောက်မှုအတွက် ကျွန်မတို့ တောင်းပန်ဆုတောင်းရင်း စီအယ်ရာ နှင့်အတူ ကျွန်မမျက်ရည်ကျခဲ့ရသည်။

နှုတ်ကပတ်တော်၌ ရုန်းကန်ရချိန်များ၌ ဘုရားသခင်နှင့်နပန်းသတ်ခဲ့သူများ အကြောင်း ဥပမာများစွာ ပါရှိသည်။ ဆာလံကျမ်း အခန်းကြီး ၄၂ ကို ရေးသားသူက အစဥ်အမြဲတန်ခိုးကြီးသည့် ဘုရားသခင်၏တည်ရှိမှုမျက်မှောက်တော်ကို ခံစားရရန် ပြင်းပြသောတောင့်တမှုကို ဖော်ပြထားသည်။ သူ၏မျက်ရည်နှင့် သူသည်းခံနေရသည့် ကြေကွဲမှုကြောင့် စိတ်ဓာတ်ကျမှုတို့ကို သူဝန်ခံခဲ့သည်။ ဘုရားသခင်၏ သစ္စာတည်မှုကို ပြန်လည်ဆင်ခြင်သောအခါ သူ၏အတွင်းစိတ် မတည်ငြိမ်မှုလျော့ကျသွားပြီး ချီးမွမ်းခြင်းများနှင့်ပြည့်လျှံသွားသည်။ သူ၏ ‘စိတ်ဝိညာဉ်’ကို အားပေးရင်း ဆာလံဆရာက “ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရလေအံ့သတည်း”ဟု ရေးခဲ့သည် (:၁၁)။ ဘုရားသခင်အကြောင်း သူသိသမျှက အမှန်ဖြစ်သည်။ သူ့စိတ်ခံစားချက်၏ ဖိစီးမှုကလည်း ငြင်းမရသော လက်တွေကျသည့် အဖြစ်မှန်ဖြစ်သည်။ ထိုအရာနှစ်ခုကြား သူလွန်ဆွဲနေခဲ့သည်။

ဘုရားရှင်က ကျွန်မတို့ကို သူ၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းပြီး ခံစားချက်ကိုပါ ထည့်သွင်းပေးခဲ့သည်။ ကျွန်မတို့၏မျက်ရည်သည် အခြားသူအပေါ်ပြသည့် နက်ရှိုင်းသည့်ချစ်မေတ္တာနှင့် ကရုဏာဖြစ်သည်။ ယုံကြည်ခြင်းကင်းမဲ့ခြင်း မဟုတ်ပါ။ ကျွန်မတို့၏ခံစားချက်ကို ဘုရားသိသည့်အတွက် ရင်းနေသည့်အနာ (သို့) အမာရွတ်ဟောင်းများနှင့် သခင့်ထံ ကျွန်မတို့ချဉ်းကပ်နိုင်ပါသည်။ အသံမထွက်ဘဲဖြစ်စေ၊ ရှိုက်ငို၍ဖြစ်စေ၊ ယုံကြည်ခြင်းဖြင့် အော်ဟစ်၍ဖြစ်စေ ဆုတောင်းချက် တစ်ခုစီတိုင်းသည် ကျွန်မတို့ကိုနားထောင်ပြီး ဂရုစိုက်သော ဘုရားရှင်၏ကတိတော်ကို ကျွန်မတို့ယုံကြည်ပါကြောင်း ဖော်ပြခြင်းပင်ဖြစ်သည်။