မိဘမှည့်ပေးသောနာမည်၊ အခြားသူပေးသောနာမည်(ကျွန်ုပ်တို့၏ဂုဏ်သတင်း)၊ မိမိကိုယ်ကိုပေးသောနာမည် (ကျွန်ုပ်တို့၏အကျင့်စရိုက်) စသည့်ဖြင့် ကျွန်ုပ်တို့ သည် လူ့ဘဝကို နာမည်သုံးမျိုးနှင့်ဖြတ်သန်းရသည်ဟု လူတစ်ဦးကပြောဖူးသည်။”ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက်သာ၍ကောင်း၏” (သု ၂၂:၁) ဟုဆိုသည့်အတွက် ကျွန်ုပ်တို့ကို အခြားသူများပေးသည့်နာမည်က အရေးပါသော်ငြားလည်း ကျွန်ုပ်တို့၏အကျင့်စရိုက်က ပိုအရေးကြီးပါသည်။

သို့သော် အရေးကြီးသည့် နောက်ထပ်နာမည်တစ်မျိုးရှိပါသေးသည်။ ပေရဂံမှ ခရစ်ယာန်များသည် ၎င်းတို့၏ဂုဏ်သတင်းအ‌ေပေါ် အနည်းငယ်အပြစ်တင်စရာ ရှိသော်လည်း ဖြားယောင်းသွေးဆောင်မှုကို တန်ပြန်ခုခံပြီး အောင်မြင်သောသူအတွက် ကောင်းကင်ဘုံ၌ အမည်နာမအသစ်ရှိထားကြောင်း သခင်ယေရှုက ၎င်းတို့ကို ပြောကြားသည်။ “အကြင်သူသည် အောင်မြင်၏။ … ကျောက်ဖြူလက်ဖွဲ့ကိုလည်းကောင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကိုလည်းကောင်း ထိုသူအား ငါပေးမည်” (ဗျာ ၂:၁၇)။

သခင်ယေရှုက ကျောက်ဖြူလက်ဖွဲ့ကိုပေးမည်ဟု အဘယ်ကြောင့်ကတိ ပေးခဲ့သည်ကို ကျွန်ုပ်တို့သေချာမသိပါ။ ‌ေအောင်မြင်မှုအတွက် ဆုလား၊ မေရှိယ ကယ်တင်ရှင်၏ညစာစားပွဲသို့ ဝင်ခွင့်အမှတ်အသားလား။ ခုံသမာဓိအဖွဲ့ဝင်များ အသုံးပြုသည့် အပြစ်မရှိကြောင်း ထောက်ခံမဲနှင့်ဆင်တူနိုင်သည်။ ကျွန်ုပ်တို့ မသိပါ။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့၏ရှက်ဖွယ်ရာကို ဖယ်ရှားပေးမည့် နာမည်အသစ်ကို ပေးမည်ဟု ဘုရားသခင်ကတိပေးထားသည် (ဟေရှာ ၆၂:၁-၅)။

ကျွန်ုပ်တို့၏ ဂုဏ်သတင်းမှာ ဆိုးရွားစုတ်ပြတ်ပြီး ကျွန်ုပ်တို့၏အကျင့်စရိုက်မှာလည်း ပြုပြင်၍ မရနိုင်သည့်အနေအထား ဖြစ်ကောင်းဖြစ်မည်။ သို့သော် မည်သည့်နာမည်ကမှ အဆုံးစွန် ကျွန်ုပ်တို့ဘဝကို ပြဌာန်းသတ်မှတ်၍မရပါ။ သင့်ကို အခြားသူများခေါ်သော အမည်၊ သင့်ကိုယ်သင်ခေါ်သောနာမည်က အရေးပါသည်မဟုတ်ပါ။ သခင်ယေရှု ပြောသည့်အမည်အတိုင်း သင်ဖြစ်ပါသည်။ သင်၏အမည်သစ်အတိုင်း အသက်ရှင် နေထိုင်ပါ။