အလွန်အမင်းနာကျင်လျက် မလှုပ်ရှားချင်လောက်အောင် ခေါင်းကိုက်ခြင်းကြောင့်အသင်းတော်ဝတ်ပြုခြင်းအစီအစဉ်ကို ကျွန်မမပါဝင်နိုင်ပါ။ ယုံကြည်သူများနှင့် အတူဝတ်မပြုနိုင်သဖြင့် စိတ်မကောင်းဖြစ်ရင်း အွန်လိုင်းတရားဟောချက်ကို ကြည့်ခဲ့သည်။ ပထမတွင် ခံစားရသမျှကြောင့် မကျေနပ်မှုနှင့် စိတ်ကုန်ရသည့်အထဲ အသံမကြည်၊ ရုပ်မရှင်းမှုကြောင့် အာရုံမစိုက်နိုင်ဖြစ်ခဲ့သည်။ သို့သော် ကျွန်မအကျွမ်းဝင်သည့် ဓမ္မသီချင်းသံထွက်ပေါ်လာရာ၊ သီချင်းလိုက်ဆိုရင်း ကျွန်မ မျက်ရည်များစီးကျလာသည်။ “အကျွန့်နှလုံး၏သခင်သည် ကျွန်ုပ်မျက်မှောက်ပြုရာတည်း။ အခြားမရှိ၊ သခင်သာ ကျွန်ုပ်၏ကယ်တင်ခြင်း။ အကောင်းမြတ်ဆုံး တွေးဆင်ခြင်စရာ၌ နှစ်မျောလျက် နေ့ညမပြတ် နိုးလျက် အိပ်လျက်၊ သခင်၏တည်ရှိမှုသာ ကျွန်ုပ်၏အလင်းပါ။” ဘုရားသခင်၏အစဉ်အမြဲ တည်ရှိမှုကို အာရုံပြုရင်း ဧည့်ခန်းထဲ၌ ကိုယ်တော့်အား ကျွန်မဝတ်ပြုခဲ့သည်။

စုပေါင်းဝတ်ပြုခြင်းသည် အရေးကြီးပြီး လိုအပ်ကြောင်း သမ္မာကျမ်းစာမှ အခိုင်အမာဆိုသော်လည်း (ဟေ ၁၀:၂၅)၊ ဘုရားသခင်ကို ဘုရားကျောင်းအတွင်း ၌သာ ကန့်သတ်ထား၍မရပါ။ ရေတွင်း၌ ရှမာရိအမျိုးသမီးနှင့် အပြန်အလှန် စကားပြောဆိုစဉ် မေရှိယနှင့်ပတ်သက်ပြီး မျှော်လင့်ထားသည့်အရာမှန်သမျှကို သခင်ယေရှု ချေပပြောဆိုခဲ့သည် (ယော ၄:၉)။ ပြစ်တင်ဝေဖန်မည့်အစား သမ္မာတရားကိုပြသခဲ့ပြီး သူမကိုချစ်ခဲ့သည် (:၁၀)။ ကိုယ်တော်သည် သူ၏သားသမီးများကို ရင်းနှီးကျွမ်းဝင်စွာ၊ အချုပ်အခြာအာဏာပိုင်သော အသိဉာဏ်နှင့် သိကျွမ်းကြောင်းကိုဖော်ပြခဲ့သည် (:၁၇-၁၈)။ သန့်ရှင်းသောဝိညာဉ်တော်သည် မြင်ရသည့်အဆောက်အဦ၊ နေရာတစ်ခုခုမှ မဟုတ်ဘဲ ဘုရားလူတို့၏နှလုံးသားမှ စစ်မှန် သောဝတ်ပြုကိုးကွယ်မှုကို လှုံ့ဆော်ထွက်ပေါ်စေကြောင်း၊ သူ၏ဘုရားဖြစ်ခြင်းကို ထုတ်ဖော်ပြောကြားရင်း ယေရှုရှင် အလေးအနက် ပြောကြားခဲ့သည် (:၂၃-၂၄)။

ဘုရားသခင်သည် မည်သူဖြစ်သည်၊ သူပြုပေးသည့်အမှု၊ သူ၏ကတိတော် အားလုံးကိုကျွန်မတို့အာရုံပြုစဥ်၊ ကိုယ်တော်အား အခြားယုံကြည်သူများနှင့်အတူ၊ ဧည့်ခန်းနှင့် နေရာတိုင်း၌ ဝတ်ပြုကိုးကွယ်စဉ် ကိုယ်တော်၏အစဉ်တည်ရှိမှု မျက်မှောက်တော်ကို ခံစားဝမ်းမြောက်နိုင်ပါသည်။