“သူအသက်ရှင်မှာပါ။ ဒါပေမဲ့ ခြေထောက်တော့ ဖြတ်ပစ်ရမယ်”ဟု တိရစ္ဆာန် ဆရာဝန်က ပြောသည်။ ကျွန်မသူငယ်ချင်းက ကားတိုက်ခံရသည့် လမ်းဘေးက ခွေးလေးကို ဆေးခန်းခေါ်လာပြခြင်းပါ။ “ခင်ဗျားက ပိုင်ရှင်လား။ ခွဲစိတ်ဖို့အတွက် ငွေအတော်ကုန်ကျမယ်။ ပြီးတော့ ပြန်သက်သာတဲ့အထိ သေချာဂရုစိုက်ရလိမ့် မယ်”ဟု ဆရာဝန်ကပြောရာ၊ သူက “အခုတော့ ကျွန်မက ခွေးပိုင်ရှင်ဖြစ်သွားတာပေါ့” ဟုပြန်ဖြေလိုက်သည်။ သူမ၏ကရုဏာပြကြင်နာမှုက ထိုခွေးလေးအတွက် သာယာကြည်နူးဖွယ် အနာဂတ်နှင့်နားခိုရန် အိမ်လေးကို ရရှိစေပါသည်။

မေဖိဗောရှက်သည် သူ့ကိုယ်သူ မျက်နှာသာမခံထိုက်သော “ခွေးသေကောင်” အဖြစ်မြင်သည် (၂ ရာ ၉:၈)။ မတော်တဆမှုဖြင့် ခြေနှစ်ဘက်လုံး ခြေဆွံ့ခဲ့သဖြင့် အကာအကွယ်နှင့် အထောက်အပံ့အတွက် အခြားသူအပေါ် သူမှီခိုရသည် (၄:၄)။ထို့ပြင် သူ့အဘိုးရှောလုမင်းနတ်ရွာစံပြီးနောက် ဘုရင်ဖြစ်လာသူဒါဝိဒ်က ထိုခေတ် က လုပ်ရိုးလုပ်စဥ်ဖြစ်သော ထီးနန်းအရိုက်အရာအတွက် အန္တရာယ်ရှိသောရန်သူ နှင့်ပြိုင်ဘက်မှန်သမျှကိုသေဒဏ်ပေးမည်ကိုလည်း သူကြောက်ရွံ့နေပေလိမ့်မည်။

သို့သော် သူငယ်ချင်းယောနသန်ကို ချစ်သောကြောင့် ယောနသန်၏သား မေဖိဗောရှက်အား အမြဲဘေးကင်းလုံခြုံစေပြီး သားအရင်းကဲ့သို့ ပြုစုစောင့်ရှောက်မည်ဟု ဒါဝိဒ်ကတိပေးခဲ့သည် (၉:၇)။ ထို့နည်းအတိုင်းပင် တစ်ချိန်က ဘုရား၏ရန်သူဖြစ်ပြီး သေခြင်းတရားဖြင့် အဆုံးသတ်နေသော ကျွန်ုပ်တို့သည် သခင်ယေရှုအားဖြင့် ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတွင် ထာဝရကာလပတ်လုံး သူနှင့်အတူနေရန် နေရာကိုပေးခဲ့သည်။ ၎င်းသည် ရှင်လုကာခရစ်ဝင်တွင် ဖော်ပြထားသည့် ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူ၏အဓိပ္ပာယ် ဆိုလိုရင်းဖြစ်ပါသည် (လု ၁၄:၁၅)။ ကျွန်ုပ်တို့သည် ရှင်ဘုရင်၏သားသမီးများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ရရှိထားသောအရာသည် အလွန် ထူးကဲသာလွန်ပြီး မထိုက်တန်ဘဲနှင့်ရရှိထားသောအရာ မဟုတ်ပါလား။ ကျေးဇူးတင်လျက် ဝမ်းမြောက်သောစိတ်ဖြင့် ဘုရားသခင်အထံတော်သို့ ချဥ်းကပ်ကြပါစို့။