ခဲတံကို စားပွဲပေါ်ပစ်ချလိုက်ပြီး “နားကိုမလည်တော့ဘူး” ဟု သမီးက ပြောသည်။ သူမက သင်္ချာအိမ်စာတွက်နေရင်း ကျွန်မလည်း အိမ်၌ စာသင်ပေးသည့် အမေ/ဆရာမ ဖြစ်ရပါတော့သည်။ သင်္ချာတွက်ရင်း ကျွန်မတို့အတော်ဒုက္ခတွေ့ခဲ့သည်။ လွန်ခဲ့သော ၃၅ နှစ်က သင်ခဲ့ရသည့် ဒဿမကိန်းမှအပိုင်းကိန်းသို့ ပြောင်းပုံကို ဘယ်လိုမှ မမှတ်မိနိုင်တော့ပါ။ ကျွန်မ မသိသောအရာကို သင်မပေးနိုင်သဖြင့် အွန်လိုင်းမှ ဆရာမရှင်းပြသည့်တွက်နည်းကိုပင် ကြည့်လိုက်တော့သည်။

လူသားဖြစ်သည့်အလျောက် ကျွန်မတို့သည်လည်း တစ်ချိန်မဟုတ်တစ်ချိန်တွင် မိမိမသိနားမလည်သောအရာများနှင့် ရုန်းကန်ရပါလိမ့်မည်။ ဘုရားရှင်ကမူ ထိုသို့ မဟုတ်ဘဲ အရာခပ်သိမ်းကို သိသူဖြစ်သည်။ ဟေရှာယက “ထာဝရဘုရား၏ ဝိညာဥ်ကို အဘယ်သူစစ်ကြောသနည်း။ ထိုဘုရားနှင့်တိုင်ပင်၍ အဘယ်သူသည် အကြံပေးသနည်း။ အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကိုပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဉာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း” (ဟေရှာ ၄၀:၁၃-၁၄) ဟု ရေးထားပါသည်။ အဖြေကား မည်သူတစ်ယောက်မျှ မရှိပါ။

လူသားများ၌ အသိဉာဏ်ပညာရှိခြင်းမှာ ဘုရားပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းထားသောကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏အသိပညာသည် ဘုရားဉာဏ်ပညာ၏အရိပ်အမြွက်မျှသာဖြစ်ပြီး အကန့်အသတ်ရှိသည်။ ဘုရား၏ ဉာဏ်တော်မှာမူ အနန္တဖြစ်၍ ခပ်သိမ်းသောအရာကိုသိတော်မူ၏ (ဆာ၁၄၇:၅)။ ကျွန်ုပ်တို့၏ဉာဏ်ပညာသည် နည်းပညာအကူအညီဖြင့် တိုးတက်တိုးပွားနေသော်လည်း အကြောင်းအရာတစ်ချို့ကို ကျွန်ုပ်တို့ မှားနိုင်ပါသေးသည်။ သို့သော် ဘာသာရေးသမားတစ်ဦးပြောထားသလိုပင် သခင်ယေရှုသည် အရာအားလုံးကို “တစ်ခဏချင်း၊အဆက်မပြတ်၊စေ့စပ်စုံလင်စွာဖြင့် မှန်မှန်ကန်ကန်”သိနေပါသည်။

အသိပညာအရာတွင် လူသားများ မည်သို့ပင်ဖွံ့ဖြိုးတိုးတက်နေပါစေ၊ ခရစ်တော်ဘုရား၏ အရာခပ်သိမ်းကိုသိခြင်းထက် ကျွန်မတို့သာလွန်နိုင်လိမ့်မည် မဟုတ်ပါ။ မိမိနားလည်ထားသောအရာများကို ဘုရားရှင် ကောင်းချီးပေးရန်နှင့် ကောင်းမြတ်စစ်မှန်သည့်အရာကို သွန်သင်ပေးရန် ကိုယ်တော်အား အစဥ်လိုအပ်နေမည် ဖြစ်ပါသည်။