အဂ္ဂနက်စ်သည် သူချစ်မြတ်နိုးရသော ဆရာကတော်လည်းဖြစ်သည့် ယောက္ခမကို စံနမူနာယူပြီး သူမကိုသူမ “စုံလင်သော ဓမ္မဆရာတစ်ဉီး၏အကောင်းဆုံးဇနီး” အဖြစ် ၆ နှစ်တိုင် ကြိုးစားခဲ့သည်။ ဤ‌အနေအထားဖြင့် သူမသည် စာရေးဆရာရော၊ ပန်းချီဆရာရော မဖြစ်နိုင်ကြောင်း သူမသိနေပြီး သူမ၏ဖန်တီးမှုစွမ်းရည်များကို ထုတ်မသုံးရဘဲ မြှုပ်ထားရခြင်းကြောင့် စိတ်ဓာတ်ကျကာ မိမိကိုယ်ကို အဆုံးစီရင်ရန်အထိ စဥ်းစားခဲ့သည်။ အိမ်နီးချင်းသင်းအုပ်တစ်ဉီး၏ကူညီမစမှုအားဖြင့် ထိုအမှောင်ထဲမှ သူလွတ်မြောက်ခဲ့သည်။ ဆရာက သူနှင့်အတူဆုတောင်းပြီး နံနက်တိုင်း အချိန် ၂ နာရီ ပေးပြီး စာရေးသားရန် အလုပ်ပေးသည်။ ၎င်းသည် သူမအတွက် ဘုရားရှင်ပေးထားသော “တံဆိပ်ခတ်အပ်ထားသောအမိန့်” ဖြစ်ကြောင်း သူရှင်းလင်းစွာ သိခဲ့ရသည်။ “ကျွန်မရဲ့ဖြစ်တည်မှုအတိုင်း အရှိကိုအရှိအတိုင်းဖြစ်ဖို့ ဘုရားရှင် ကျွန်မကို ပေးသနားထားတဲ့ ဖန်တီးမှုစွမ်းရည် စီးဆင်းသွားရမဲ့လမ်းကြောင်းကို အရင်ရှာဖွေရမယ်” ဟု သူရေးခဲ့ပါသည်။

ထို့နောက်တွင် ဒါဝိဒ်ရေးစပ်သောဆာလံသီချင်းများမှ သူမဘဝအတွက် စေစားမိန့်မှာမှုကို တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ “ထာ၀ရဘုရား၌ မွေ့လျော်ခြင်း ရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်” (ဆာ ၃၇:၄)။ သူသွားရမည့်လမ်းကို ဘုရားသခင်ထံအပ်နှံပြီး သူ့အား လမ်းပြရန် ကိုယ်တော်ကိုကိုးစားခဲ့သည် (:၅)။ ဘုရားရှင်သည် သူမအား စာရေးရန်၊ ပန်းချီဆွဲရန်လမ်းဖွင့်ပေးရုံသာမက အခြားသူများ ဘုရားသခင်နှင့် ပိုမိုနားလည်စွာဆက်သွယ်မှုပြုနိုင်ရန်အတွက် ကူညီပေးနိုင်ခွင့်ကို ပေးခဲ့သည်။

ဘုရားသခင်၌ ကျွန်ုပ်တို့ တစ်ဉီးချင်းစီတိုင်းအတွက် “တံဆိပ်ခတ်ထားသော အမိန့်များ”ရှိသည်။ ကျွန်ုပ်တို့သည် သူချစ်မြတ်နိုးသောသားသမီးများ ဖြစ်ကြောင်း သိရသည်သာမက မိမိတွင်ရှိသောဆုကျေးဇူးနှင့် စိတ်ထက်သန်မှုများအတိုင်း ဘုရားရှင်အား တမူထူးခြားစွာ အစေခံနိုင်သည့်နည်းလမ်းများ ရှိကြောင်းကိုလည်း နားလည်ရသည်။ ဘုရားသခင်ကို ယုံကြည်ပြီး အထံတော်၌ ဝမ်းမြောက်မွေ့လျော် သောအခါ ကျွန်ုပ်တို့အား ကိုယ်တော်လမ်းပြပေလိမ့်မည်။