ပြင်သစ်စစ်သားသည် သဲကန္တာရထဲတွင် အခြေချစခန်း ခံတပ်တည်ဆောက်ရန် မြေတူးနေစဥ် အရေးပါသောအရာကို ရှာဖွေတွေ့ရှိမည်ဟု မတွေးမိပါ။ သဲများကို ဂေါ်ဖြင့်တစ်ဂေါ်ပြီးတစ်ဂေါ် ကော်ပြီးနောက် ကျောက်တုံးတစ်တုံးကို တွေ့လိုက်သည်။ သာမန်ကျောက်တုံးတော့မဟုတ်ပါ။ ဘာသာစကားသုံးမျိုးဖြင့် ရေးထားသော King Ptolemy V (ပဥ္စမမြောက်ထောလမီဘုရင်)က သူ၏ဘုန်းတော်ကြီးများနှင့် လူများအတွက် ပြုသောကောင်းကျိုးများ၏ စာရင်းပါရှိသော Rosetta (ရိုဆက်တာ)ကျောက်တုံးကြီး ဖြစ်သည်။ ယခုအခါ ဗြိတိသျှပြတိုက်တွင် ပြသထားသော ယင်းကျောက်တုံးသည် ၁၉ ရာစု၏ ရှေးဟောင်းသုတေသနဆိုင်ရာ အရေးပါဆုံးသောတွေ့ရှိမှု တစ်ခုဖြစ်သည်။ ပုံဖြင့် သရုပ်ဖော်ရေးဆွဲသော Hieroglyphics (အရုပ်စာ)ဟုထင်ရှားသည့် ရှေးဟောင်းအီဂျစ်စာ အရေးအသား ၏ နက်နဲ ရှုပ်ထွေးမှုကို ဖော်ထုတ်ရာ၌ ထိုတွေ့ရှိမှုက အထောက်အကူဖြစ်ခဲ့သည်။

လူများစွာအတွက် နှုတ်ကပတ်ကျမ်းစာသည် နားမလည်နိုင်၊ လျှို့ဝှက်နက်နဲ သောအရာဖြစ်သည်။ သခင်ယေရှုကားတင်သတ်ခြင်းမခံရမီညကသူ့နောက်တော်လိုက်များအား သန့်ရှင်းသောဝိညာဥ်တော်ကိုစေလွှတ်ပေးမည်ဟု မိန့်ကြားခဲ့သည်။ယေရှုက”သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဥ်တော်သည်ရောက်လာသောအခါ၊သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဥ်တော် သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်” (ယော ၁၆:၁၃) ဟုပြောခဲ့သည်။ သန့်ရှင်းသောဝိညာဥ်တော်သည် စင်စစ် အားဖြင့် ကျွန်ုပ်တို့အား သမ္မာကျမ်းစာ၌ပါသောနက်နဲရာများ၏အမှန်တရား၊ သမ္မာတရားကို ဖော်ပြပေးနေသော ဘုရားသခင်၏ ရိုဆက်တာကျောက်ပင်တည်း။

နှုတ်ကပတ်တော်တွင် ဖော်ပြသောအရာမှန်သမျှကို လုံးဝဥဿုံနားလည်နိုင် မည်ဟု အာမမခံနိုင်သော်လည်း သခင်ယေရှုနောက်တော်လိုက်ရန်အတွက် လိုအပ်သောအရာအားလုံးကို ဝိညာဥ်တော်၏မစမှုအားဖြင့် နားလည်နိုင်မည် ဖြစ်ကြောင်းကို ယုံကြည်မှုအပြည့်ဖြင့် စိတ်ချနိုင်ပါသည်။ ဝိညာဥ်တော်သည် ထိုအရေးပါသော သမ္မာတရားကို ကျွန်ုပ်တို့အားလမ်းပြပေးပါလိမ့်မည်။