အာဖရိကန်-အမေရိကန်အမျိုးသမီးတစ်ဦးသည် ကမ္ဘာလုံးဆိုင်ရာအမှုတော် သာသနာလုပ်ငန်းတွင် နှစ်ပေါင်း-၃၀တိုင် သစ္စာရှိစွာ ပါဝင်အမှုတော်ဆောင်ခဲ့ သည်။ သို့သော် လူမျိုးရေးမတရားမှုနှင့်ပတ်သက်ပြီး လုပ်ဖော်ဆောင်ဘက်တို့နှင့် ဆွေးနွေးရန် ကြိုးစားတိုင်း တုံ့ပြန်မှုကို မရခဲ့ပါ။ နောက်ဆုံး လူမျိုးရေးခွဲခြားမှုဝါဒကို ပွင့်လင်း မြင်သာစွာ ဆွေးနွေးမှုများ ကမ္ဘာနှင့်အဝန်း ကျယ်ပြန့်စွာ ဖြစ်ပေါ်လာသော ၂၀၂၀ နွေဦးတွင် သူမ၏သာသနာကွင်းမှ မိတ်ဆွေများသည် ပွင့်လင်းစွာ ဆွေးနွေးမှုအချို့ စတင်ပြုလုပ်လာတော့သည်။ ရှုပ်ထွေးနေသောခံစားမှု၊ နာကျင်မှုများဖြင့် ထိုစကားဝိုင်း အစပျိုးလာသည်ကို ကျေးဇူးတင်မိသော်လည်း သူမ၏ လုပ်ဖော်ေဆောင်ဘက်များသည် ထိုကိစ္စကို ထုတ်ဖော်ပြောကြားရန်၊ ရပ်တည်ပေးရန် အဘယ်ကြောင့် ထိုမျှအချိန်ကြာခဲ့ရသနည်းဟု အတွေးဝင်မိပါသည်။

အချို့သောအခြေအနေများတွင် နှုတ်ဆိတ်နေခြင်းက ဆောင်သင့်သောသီလတစ်ခုဖြစ်နိုင်ပါသည်။ ဒေသနာကျမ်းတွင် ရှောလမုန်မင်းကြီး ရေးသားသကဲ့သို့ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ …. တိတ်ဆိတ်စွာနေရသော အချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏” (ဒေ ၃:၁၊ ၇)။

သို့သော် တစ်ယူသန်သဘောထားနှင့် မတရားသောအမှုများကို နှုတ်ဆိတ် နေမည်ဆိုပါက ဒဏ်ရာနှင့်နာကျင်မှုကိုသာ ဖြစ်စေလိမ့်မည်။ (မိမိခံယူချက်ကို ရဲဝင့်စွာပြောကြားခဲ့မှုအတွက် နာဇီဂျာမနီတွင် ထောင်ကျခဲ့သူ) လူသရန်သင်းအုပ်ဆရာ Martin Niemoeller (မာတင်နီမိုလာ)သည် စစ်ပြီးသွားသောအခါ ထိုနှုတ်ဆိတ်ခြင်းအကြောင်းကို ကဗျာတစ်ပုဒ်တွင် ဝန်ခံရေးသားခဲ့သည်။ “ပထမဆုံး ကွန်မြူနစ်တွေကို သတ်တယ်။ကျွန်တော်ကကွန်မြူနစ်မဟုတ်တဲ့အတွက် ဘာမှမပြောခဲ့ဘူး။နောက်တော့ ဂျူး၊ကက်သလစ်နဲ့ အခြားသူတွေကိုသတ်တယ်။ ဒါလည်း ကျွန်တော်နှုတ်ပိတ်နေခဲ့တယ်။ နောက်ဆုံး ကျွန်တော့်ကိုသတ်ဖို့ အလှည့်လည်းရောက်ရော ကျွန်တော့်အတွက် ရပ်တည်ပြောဆိုပေးမဲ့သူ တစ်ဦးမှမရှိတော့ဘူး”ဟု ရေးခဲ့သည်။

မတရားမှုကို ဆန့်ကျင်ထုတ်ဖော်ပြောကြားရန် ရဲစွမ်းသတ္တိနှင့် မေတ္တာတရား လိုအပ်ပါသည်။ သို့သော် ဘုရားရှင်၏မစကူညီမှုကို ရယူခြင်းဖြင့် စကားပြောရန် အချိန်သည် ယခုပင်ဖြစ်ကြောင်းကို နားလည်လိုက်ရပါသည်။