J. I. Packer (ဂျေအိုင်ပက်ကာ) (၁၉၂၆-၂၀၂၀) ရေးသားသည့် Knowing God (ဘုရားသခင်ကို သိကျွမ်းခြင်း) စာအုပ်တွင် သမ္မာကျမ်းကို ‘ထုံးလိုချေ ရေလိုနှောက်ကျမ်းကျေသူများ’ဟု သူသတ်မှတ်ထားသည့် ယုံကြည်သူ (၄) ဦးအကြောင်း ဖော်ပြထားသည်။ သူတို့သည် ဓမ္မပညာရှင်များ မဟုတ်ကြသော်လည်း ဘုရားသခင်ကို သိကျွမ်းရန် သစ်ကိုက်ပိုးဗီဗာကဲ့သို့ နှုတ်ကပတ်တော်ကို ထဲထဲဝင်ဝင် အားထုတ်လေ့လာသည်။ Packer က “ကျမ်းစာလေ့လာခြင်းအားဖြင့် ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဓမ္မပညာရှင်များအတွက်သာ မဟုတ်ပါ။ ဓမ္မကြောင်းအရ မတိမ်းမစောင်းမှန်ကန်မှုအပေါ် ကျေနပ်နေသည့် ဓမ္မပညာရှင်ထက်စာလျှင် သန့်ရှင်းသောဝိညာဥ်တော်ပြည့်ဝပြီး ကျမ်းစာဖတ်လျက် တရားဒေသနာခံယူသူသည် သူ၏ဘုရား၊ သူ၏ကယ်တင်ရှင်နှင့် ပို၍နက်ရှိုင်းစွာရင်းနှီးအကျွမ်းဝင်လိမ့်မည်” ဟု ကောက်ချက်ချသည်။

ဝမ်းနည်းဖွယ်ရာမှာ သမ္မာကျမ်းစာကိုလေ့လာသူတိုင်းက နှိမ့်ချသောနှလုံးသား များဖြင့် ကယ်တင်ရှင်အား တိုး၍သိကျွမ်းရန်၊ ဘုရားသခင်နှင့်တိုး၍ မိတ်ဿဟာယ ဖွဲ့ရန်၊ ကိုယ်တော်နှင့် တိုး၍တူလာရန်ဆိုသည့်စိတ်ဖြင့် လေ့လာခြင်း မရှိပါ။ ခရစ်တော်သက်တော်ထင်ရှားစဥ်က ဓမ္မဟောင်းကျမ်းစာကို လေ့လာဖတ်ရှုသူများ ရှိခဲ့သော်လည်း သူတို့သည် ထိုကျမ်းစာများက ညွှန်းဆိုနေသောပုဂ္ဂိုလ်ကို မသိခဲ့ပါ။”ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှာအလိုမရှိကြ” (ယော ၅:၃၉-၄၀)။

သမ္မာကျမ်းစာဖတ်ရှုလေ့လာစဥ် တစ်ခါတစ်ရံ အခက်အခဲတွေ့မိပါသလား။ သို့မဟုတ် သမ္မာကျမ်းစာလေ့လာသင်ယူမှုကို လုံးဝလက်လျှော့လိုက်ပြီလား။ “သမ္မာကျမ်းစာကို အားစိုက်လေ့လာသူများ”သည် သာမန်ကျမ်းစာဖတ်သူများထက် သာလွန်ပါသည်။ သူတို့သည် ဆုတောင်းလျက် ဂရုတစိုက်နှင့် သမ္မာကျမ်းစာမှ ဖွင့်ပြသောယေရှုကို မြင်ရန်နှင့် ထိုသခင်ကိုချစ်ရန် သူတို့၏အမြင်နှင့်စိတ်နှလုံးကို ဖွင့်ပေးနိုင်သည့်နည်းလမ်းများဖြင့် သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာကြပါသည်။