၁၀ နှစ်သမီးလေး ချယ်လ်ဆီသည် လက်ဆောင်အဖြစ် ပန်းချီဆွဲရန်ပစ္စည်းစံုကို လက်ခံရရှိခဲ့ပြီးနောက် သူမဝမ်းနည်းနေလျှင် ဘုရားရှင်သည် အနုပညာအားဖြင့် သူမကို စိတ်သက်သာရာရစေကြောင်း သူမသိရှိခဲ့ရသည်။ ထို့နောက် ကလေး အချို့သည် ပန်းချီပစ္စည်းများကို မဝယ်နိုင်ကြောင်း သူမသိခဲ့ရပြီး ထိုကလေးငယ် များကို ကူညီချင်ခဲ့သည်။ ထို့ကြောင့် သူမ၏မွေးနေ့ရောက်သောအခါ သူမ၏ သူငယ်ချင်းများအား သူမအတွက်လက်ဆောင် ယူမလာဘဲ လိုအပ်နေသော ကလေးများအတွက် ပန်းချီပစ္စည်းများပေးလှူရန် ဖိတ်ခေါ်တောင်းဆိုခဲ့သည်။

နောက်ပိုင်းတွင် သူ့မိသားစု၏အကူအညီဖြင့် “ချယ်လ်ဆီအလှူဒါနအသင်း” ကို သူမစတင်တည်ထောင်ခဲ့သည်။ သူမသည် ကလေးငယ်များကို ပိုမိုကူညီနိုင်ရေးသူ့နည်းတူ ပါဝင်လှူဒါန်းကြရန် အခြားလူများထံမှ အကူအညီတောင်းခံခဲ့သည်။ သူမလှူဒါန်းသောပစ္စည်းကို ရရှိသည့်ကလေးများအား ပန်းချီသင်ပေးသေးသည်။ နယ်ခံသတင်းတင်ဆက်သူက ချယ်လ်ဆီနှင့် တွေ့ဆုံမေးမြန်းမှုကို ထုတ်လွှင့်အပြီး တွင် တစ်နိုင်ငံလုံးမှပြည်သူများက ပန်းချီပစ္စည်းများ စတင်လှူဒါန်းလာကြတော့ သည်။ ချယ်လ်ဆီအလှူဒါနအသင်းသည် ပန်းချီပစ္စည်းများကို ကမ္ဘာအနှံ့သို့ ဆက်လက်ပေးပို့လျက် ရှိသည်။ အခြားသူကို အစေခံလိုစိတ်ရှိပါက ဘုရားရှင်သည် ကျွန်ုပ်တို့အား အသုံးပြုနိုင်ကြောင်းကို ဤသမီးလေးက သက်သေပြနေပါသည်။

ချယ်လ်ဆီ၏စာနာရိုင်းပင်းတတ်မှုနှင့်ဝေမျှလိုသောစိတ်ရှိခြင်းသည် ဘဏ္ဍာစိုးကောင်း၏နှလုံးသားကို ထင်ဟပ်ပြသနေသည်။ ရှင်ပေတရုက ယေရှုခရစ်၌ယုံကြည်သူအားလုံးကို ၎င်းတို့အား ဘုရားသခင်ပေးအပ်ထားသော ဆုကျေးဇူးများကို ဝေငှခြင်းအားဖြင့် “အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာ” ရှိသောဘဏ္ဍာစိုးကောင်းများဖြစ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည် (၁ပေ၄:၈-၁၁)။

ချစ်မေတ္တာဖြင့်ပြုသော အမှုသေးသေးလေးက ပေးကမ်းခြင်း၌ အခြားသူများ ပါဝင်လာရန် လှုံ့ဆော်မှုဖြစ်စေနိုင်ပါသည်။ အခြားသူများလည်း ကျွန်ုပ်တို့နှင့်အတူ လာရောက် အစေခံရန် ဘုရားရှင်လှုံ့ဆော်ပေးနိုင်ပါသည်။ ဘုရားရှင်အား အမှီပြု သောအခါ ကျွန်ုပ်တို့သည် အစေခံရန်အတွက် အသက်ရှင်နိုင်ပြီး ဘုရားရှင်နှင့် ထိုက်တန်သည့်ဘုန်းအသရေကို ဆက်သနိုင်လိမ့်မည်။