ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိကျောင်းများ ပိတ်လိုက်ရသည်။ တရုတ်ပြည်တွင်မူ ကျောင်းဆရာများက အွန်လိုင်းမှတစ်ဆင့် DingTalk App ဖြင့် စာသင်ခဲ့ကြသည်။ အကယ်၍ DingTalk ၏ အဆင့်သတ်မှတ်ချက်သည် အလွန်နိမ့်ကျသွားပါက ၎င်းသည် App Store မှ ဖယ်ရှားခံရနိုင်သည်ကို ကျောင်းသားများ သိရှိ သွားကြသည်။ ထောင်နှင့်ချီသော သုံးသပ်ချက်များ‌တွင် ကြယ်တစ်ပွင့်သာပေး သဖြင့် ညတွင်းချင်းပင် DingTalk ၏ အဆင့်သတ်မှတ်ချက် ကျဆင်းသွားသည်။

စာမသင်ရအောင် DingTalk App ကို ဖယ်ရှားရန် ထိုကျောင်းသားများ၏ ကြိုးစားမှုကို သခင်ယေရှု သဘောကျမည်မဟုတ်ပါ။ သို့သော်သူတို့၏ ထွင်ဉာဏ်ကိုဖြင့် သခင်ယေရှု ချီးမွမ်းလျှင် ချီးမွမ်းပေမည်။ အလုပ်ဖြုတ်ခံရသော ဘဏ္ဍာစိုးတစ်ဦးသည် သူ၏နောက်ဆုံးနေ့တွင် သူ့သခင်အား အကြွေးပေးရန်ရှိသူတို့၏ အကြွေးစာရင်းကို လျှော့ချခဲ့သည့် ထူးခြားသောပုံပြင်ကို သခင်ယေရှုပြောခဲ့ပါ၏။ ထိုဘဏ္ဍာစိုး၏မရိုးသားမှုကို သခင်ချီးမွမ်းခြင်းမဟုတ်ပါ။ သို့သော် ထိုဘဏ္ဍာစိုး ၏ကျွမ်းကျင်လိမ္မာမှုကို ချီးကျုး၍ သူ့နောက်လိုက်များကိုလည်း ထိုကဲ့သို့ လိမ္မာပါးနပ်စေလိုပါသည်။ “ငါဆိုသည်ကား သင်တို့သည် စုတေ့သောအခါ၊ အစဥ်အမြဲ တည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတ္တံ့သောအဆွေရှိစေခြင်းငှာ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်ကြလော့” (လု ၁၆:၉)ဟု မိန့်တော်မူခဲ့သည်။

ငွေကြေးနှင့်ပတ်သက်လာလျှင် လူအများစုက သူတို့မည်မျှဆုံးရှုံးသွားနိုင်သည် ကိုသာ ကြည့်ကြသည်။ ပညာရှိသူများကမူ ငွေကို မည်သည့်အရာအတွက် သူတို့သုံးနိုင်သည်ကို ကြည့်ကြသည်။ ရှင်ယေရှုက အခြားသူကို ပေးကမ်းဝေမျှခြင်းသည် “အဆွေ ရှိ”လာစေ၍ ထိုသို့မိတ်ဆွေရှိလာခြင်းကြောင့် လုံခြုံမှုနှင့်သြဇာအရှိန်အဝါ ရှိလာပါသည်။ သူငယ်ချင်းအုပ်စုများတွင် မည်သူခေါင်းဆောင်ဖြစ်လေ့ရှိသနည်း။ (အများအားဖြင့်) ငွေကြေးစိုက်ထုတ်သူသာ ဖြစ်လေ့ရှိပါသည်။ ပေးကမ်းခြင်းသည် “အစဥ်အမြဲတည်သောဗိမာန်” – ထာဝရအိမ်တော်ကို ရရှိစေသည်။ ငွေကြေး တပ်မက်မှု မရှိခြင်းက ယေရှုခရစ်၌ ကျွန်ုပ်တို့၏ယုံကြည်မှုကို ပြသပါသည်။

ကျွန်ုပ်တို့၌ ငွေကြေးမရှိသည့်တိုင် အချိန်၊ ကျွမ်းကျင်မှု (သို့) နားထောင်ပေးလိုစိတ် စသည်တို့ရှိသည်။ ရှင်ယေရှုအတွက် အခြားသူများအား မည်ကဲ့သို့တီထွင်ကြံဆ အစေခံရမည်ကို ပြသရန် ဘုရားရှင်ထံ တောင်းလျှောက်ကြပါစို့။