Frederick Buechner (ဖရက်ဒရစ်ဘုချ်နာ)က သူ၏နာမည်ကျော် ကိုယ်တွေ့မှတ်တမ်း Telling Secrets (လျှို့ဝှက်ချက်များကိုဖွင့်ဟပြောဆိုခြင်း) စာအုပ်တွင် “မပြောနဲ့၊ မယုံနဲ့၊ မခံစားနဲ့ဆိုတဲ့ ပညတ်ကို ကျွန်တော်တို့လိုက်နာကြတယ်။ ပြီးတော့ အဲ့ဒီပညတ်ကို ချိုးဖောက်တဲ့သူတွေ ဒုက္ခရောက်ကြပါစေ” ဟုဆိုသည်။ ဤသည်မှာမိသားစု၌ စိတ်ပျက်စရာဖြစ်စေသူတစ်ဦးဦးနှင့် ပတ်သက်၍ ဖွင့်ဟမပြောသော်လည်း အခြားမိသားစုဝင်များ လိုက်နာရသည့် “စည်းမျဥ်းဥပဒေ” ဖြစ်သည်။ ဘုချ်နာ့မိသားစု၌လည်း သူ့ဖခင်၏ မိမိကိုယ်ကို သတ်သေမှုနှင့်ပတ်သက်ပြီး ပြောဆိုခြင်း၊ ဝမ်းနည်းပူဆွေးခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။ ထို့ကြောင့် သူ့နာကျင်မှုကို ဝေမျှရန် ယုံကြည်နိုင်သူတစ်ဦးမျှ မရှိတော့ပေ။

သင်လည်း ထပ်တူခံစားရပါသလား။ ကျွန်မတို့သည် မူမမှန်သောအချစ်မျိုးဖြင့် ရှင်သန်နေထိုင်တတ်ရန် တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် သင်ယူခဲ့ကြရသည်။ ထိုအချစ်က မိမိကိုထိခိုက်နိုင်စေသည့် အရာနှင့်ပတ်သက်ပြီး လိမ်ညာရန် (သို့) ရေငုံနှုတ်ပိတ်နေရန် လိုအပ်သောအချစ်မျိုးဖြစ်သည်။ ထိုအချစ်မျိုးသည် တစ်ဦးကိုတစ်ဦးထိန်းချုပ်ရန် အကြောက်တရားပေါ် တည်မှီနေပြီး ကျွန်စနစ်တစ်မျိုးပင်ဖြစ်သည်။

သခင်ယေရှုဖိတ်ခေါ်သည့် ချစ်မေတ္တာမျိုးသည် ကျွန်မတို့လူသားများ ရံဖန်ရံခါ တွေ့ကြုံခံစားသည့် အခြေအနေပေါ်မူတည်သည့်အချစ်မျိုး၊ ဆုံးရှုံးသွားမလား ဟူ၍အမြဲတစေ စိုးကြောက်နေရသောအချစ်မျိုးနှင့် ကွဲပြားခြားနားသည်ကို ကျွန်မတို့မမေ့သင့်ပါ။ ရှင်ပေါလုရှင်းပြသကဲ့သို့ပင် ယေရှုခရစ်၏ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်မတို့သည် ကြောက်ရွံ့တတ်သောသဘောဖြင့် အသက်မရှင်ရကြောင်း (ရော ၈:၁၅)ကို နောက်ဆုံးတွင်နားလည်လာရပါသည်။ ထို့နောက် ကျွန်မတို့သည် နက်ရှိုင်းစွာ၊ စစ်မှန်စွာ အကြွင်းမဲ့စွာဖြင့်အချစ်ခံရသည်ဟု သိသောအခါမှ နားလည်နိုင်မည်ဖြစ်သော ထူးမြတ်သောလွှတ်ခြင်းချမ်းသာ (:၂၁)ကိုလည်း စတင် နားလည်လာပါသည်။ ကျွန်မတို့သည် နောက်တစ်ဖန်လွတ်လပ်စွာ ပြောနိုင်၊ ယုံနိုင်၊ ခံစားလာနိုင်ပါသည်။ အကြောက်တရားကင်းလျက် အသက်ရှင်ရခြင်း၏အဓိပ္ပာယ်ကို သဘောပေါက်လာနိုင်ပြီဖြစ်သည်။