အမြင့်ပေ ၁၄,၀၀၀ ရှိ အမေရိကန်နိုင်ငံ၏ ကော်လိုရာဒိုအမှတ် (၁၄) တောင်သို့ ခြေလျင်တောင်တက်ရန် ကျွန်တော့်သားများကို ပထမဆုံးအကြိမ်ခေါ်သွားစဥ်က “သူတို့ တက်နိုင်ပါ့မလား၊ ထိုစိန်ခေါ်မှုကိုလုပ်နိုင်ပါ့မလား” ဟုသူတို့စိုးရိမ်ခဲ့ကြသည်။ သားထွေးက တောလမ်းတွင် ရပ်ရပ်ပစ်လိုက်ပြီး လိုအပ်သည်ထက် ပိုကြာအောင် နားသည်။ “အဖေ၊ သားဆက်မသွားနိုင်တော့ဘူး” ဟု ထပ်ခါထပ်ခါပြောသည်။ သို့သော်လည်း ဤစစ်ဆေးမှုသည် သူတို့အတွက်အကျိုးရှိမည်ဟု ကျွန်တော်ယုံပြီး သူတို့ကျွန်တော့်အပေါ် ယုံကြည်စိတ်ချစေလိုသည်။ ဆက်မသွားနိုင်တော့ဟု ဂျီကျသောသားငယ်သည် တောင်ထိပ်မရောက်မီ တစ်မိုင်အလိုတွင် အမောပြေသွားပြီး ကျွန်တော်တို့ကို ကျော်တက်ကာ တောင်ထိပ်ရောက်သွားပါသည်။ စိုးကြောက်သည့်ကြားမှပင် အဖေ့အပေါ်ယုံကြည်ခဲ့ခြင်းအတွက် သူအလွန်ဝမ်းသာခဲ့သည်။

ဣဇက်နှင့်သူ့ဖခင်တို့ တောင်တက်စဥ်က သူ့ဖခင်အပေါ် သူ၏ယုံကြည်မှုကို ကျွန်တော်လက်ဖျားခါမိပါသည်။ အာဗြံဟံက သူ့သားအပေါ်တွင် ဓားကိုမြှောက် လိုက်ချိန်တွင် ဘုရားသခင်အပေါ် အာဗြံဟံ၏ယုံကြည်ခြင်းက ကျွန်တော့်ကို ပို၍ပင် နှလုံးကြေကွဲရပါ၏ (က ၂၂:၁၀)။ အာဗြံဟံသည် စိတ်ရှုပ်ထွေးပြီး နှလုံးအညှစ်ခံထားရသကဲ့သို့ ကြေကွဲဝမ်းနည်းနေစဥ်မှာပင် နာခံခဲ့ပါ၏။ သနားကရုဏာဖြင့် ထာဝရဘုရား၏တမန်က “လုလင်ကိုမထိခိုက်နှင့်” (:၁၂) ဟုမိန့်ဆိုပါသည်။ ထာဝရဘုရားသည် ဣဇက်ကိုသေစေရန် ဘယ်သောအခါမှမရည်ရွယ်ခဲ့ပါ။

ဤထူးခြားသောအဖြစ်အပျက်နှင့် ကျွန်တော်တို့၏အဖြစ်အပျက်တို့တွင် တူညီမှုများကို သတိဖြင့် သင်ခန်းစာယူသည့်အခါတွင် “ဘုရားသခင်သည် အာဗြံဟံကို စုံစမ်း”ကြောင်း (:၁၂) အဖွင့်ကျမ်းချက်ကို သတိပြုမှတ်သားရန် အလွန်အရေးကြီးပါသည်။ ဤစစ်ဆေးမှုအားဖြင့် အာဗြံဟံသည် ဘုရားသခင်အား သူမည်မျှယုံကြည်သည်ကို သိရှိခဲ့ပြီး၊ ဘုရားသခင်၏ ချစ်ခင်ကြင်နာသောနှလုံးသားနှင့် ကြီးမားသောထောက်ပံ့ပေးမှုတို့ကို သူတွေ့ရှိခဲ့သည်။

မိမိ၏ရှုပ်ထွေးမှု၊ အမှောင်နှင့် စစ်ဆေးစုံစမ်းခြင်းများကြားတွင် မိမိအကြောင်း၊ ဘုရားသခင်အကြောင်း အမှန်တရားများကို ကျွန်တော်တို့သိလာရပါသည်။ မိမိခံရသည့် စုံစမ်းစစ်ဆေးမှုများကြောင့် ဘုရားသခင်အပေါ် အလေးအနက် ယုံကြည်ကိုးစားတတ်သွားကြောင်းကိုပင် တွေ့ရနိုင်ပါသည်။