ဆယ်ကျော်သက်အရွယ်များ၏ ဂိုဏ်းခေါင်းဆောင် ကေစီနှင့် သူ၏နောက်လိုက် များသည် အိမ်ဖောက်၊ ကားမှန်ခွဲကာ ဖောက်ထွင်းခိုးယူခြင်း၊ စတိုးဆိုင်များကို ဓားပြတိုက်ခြင်း၊ အခြားလူဆိုးဂိုဏ်းများနှင့် တိုက်ခိုက်ခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ကြသည်။ နောက်ဆုံး ကေစီသည် အဖမ်းခံရပြီး ထောင်ကျကာ ထောင်တွင်း၌ သူသည် (ထောင်သားများ၏ ခေါင်းဆောင်) “တန်းစီး” တစ်ဦးဖြစ်လာပြီး ဆူပူမှုများဖြစ်လျှင် လက်လုပ်ဓားများ ထုတ်ပေးသူဖြစ်လာသည်။

တစ်ချိန်တွင် သူသည် တိုက်ပိတ်ခံခဲ့ရပါသည်။ အခန်းကျဉ်းလေးထဲ၌ စိတ်ကူးယဥ်နေချိန်တွင် သူ့ဘဝနောက်ကြောင်းနှင့် သခင်ယေရှုအကြောင်းကို ရုပ်ရှင်သဖွယ် မြင်ခဲ့ရသည်။ ကားတိုင်ပေါ်တွင် သံမှိုနှင့်ရိုက်လျက် ချိတ်ဆွဲခံရချိန်တွင် ရှင်ယေရှုက “ဒါတွေကို မင်းအတွက် ငါခံယူခဲ့တာ”ဟု သူ့အားပြောနေသည်။ ကေစီသည် ကြမ်းပြင်ပေါ်သို့လဲကျသွားပြီး ငိုယိုလျက် သူ့အပြစ်များကို ဝန်ခံပါတော့သည်။ ထောင်သင်းအုပ်ဆရာအား သူ့၏အတွေ့အကြုံကိုပြောပြရာ ဆရာက သူ့ကို ရှင်ယေရှုအကြောင်း ထပ်မံပြောပြပြီး ကျမ်းစာတစ်အုပ် ပေးခဲ့သည်။ “အဲ့ဒါ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းခရီးအစပဲ”ဟု ကေစီက ပြောပြသည်။ နောက်ဆုံးတွင် သူသည် ပင်မအကျဥ်းထောင်ချုပ်သို့ အပို့ခံရပြီး ထိုနေရာတွင် သူ၏ယုံကြည်ခြင်းကြောင့် သူ့အပေါ် ဆိုးရွားရက်စက်စွာပြုမူသော ထောင်သားများစွာနှင့် ကြံုတွေ့ခဲ့ရသည်။ သို့သော် “အခြားအကျဥ်းသားများကို ယေရှုအကြောင်းဝေငှရန် ဘုရားရှင်၏ အသစ်သောခေါ်ယူစေစားမှု”ကို သူတွေ့ရှိခဲ့သောကြောင့် စိတ်ငြိမ်သက်ခြင်းရှိခဲ့သည်။

တိမောသေထံသို့ ရေးသားပေးပို့သောစာတွင် ရှင်ပေါလုသည် အသက်တာကိုပြောင်းလဲစေသော သခင်ခရစ်တော်၏တန်ခိုးတော်ကို ဖော်ပြခဲ့သည်။ မကောင်းမှု များ၌ ပျော်မွေ့သောအသက်တာမှ ပြောင်းလဲ၍ သခင်ယေရှု၏နောက်တော်သို့ လိုက်ပြီး အစေခံစေရန် (၂ တိ ၁:၉) ဘုရားသခင်က ကျွန်ုပ်တို့အား ခေါ်နေပါသည်။ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ကိုလက်ခံသောအခါ ကျွန်ုပ်တို့၌ ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် သက်ရှိသက်သေ ဖြစ်လိုစိတ်များရှိလာသည်။ သတင်းကောင်းကိုဝေငှလိုစွာဖြင့် ဒုက္ခခံရသည့်တိုင် သက်သေခံနိုင်အောင် ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော် မစပေသည် (:၈)။ ကေစီကဲ့သို့ ဘုရားသခင် ခေါ်ယူစေစားသော အသက်တာသစ်ကို ရှင်သန်နေထိင်ကြပါစို့။