အမေရိကန်နိုင်ငံ၊ တင်နစီပြည်နယ်၌ ကိုဗစ်-၁၉ ကူးစက်မှုကို ဟန့်တားရန်ကြိုးစားမှုအနေဖြင့် လုပ်ငန်းငယ်လေးများကို ရပ်ဆိုင်းလိုက်ရသောအခါ လုပ်ငန်းရှင်များက သူတို့၏ ဝန်ထမ်းများကို မည်သို့စောင်မရမည်၊ ဆိုင်ခန်းငှားခများကို မည်သို့ဖြေရှင်းရမည်၊ ဤကပ်ဘေးအတွင်း မည်သို့ရှင်သန်ရုန်းကန်ကြရမည် စသည်ဖြင့် ပူပန်ခဲ့ကြသည်။ သူတို့၏သောကကို စာနာသိမှတ်လျက် နာ့ရှ်ဗေးလ်ဒေသမှ သင်းအုပ်တစ်ပါးက ရုန်းကန်နေရသည့်လုပ်ငန်းရှင်များအား ငွေကြေးထောက်ပံ့ပေးခဲ့သည်။

“လူတစ်ယောက်က မိုးရေထဲမှာ ကြွက်စုတ်ဖြစ်နေတဲ့အချိန်မှာ မိုးရာသီ ရံပုံငွေ ပေါ်ထိုင်ပြီး ကျွန်တော်တို့ မနေနိုင်ပါဘူး” ဟု ဆရာက ရှင်းပြပြီး အခြားသော အသင်းတော်များလည်း ပူးပေါင်းပါဝင်ကူညီကြရန် တိုက်တွန်းခဲ့သည်။

မိုးရာသီရံပုံငွေဆိုသည်မှာ အချိန်အတိုင်းအတာတစ်ခုထိ သာမန်ဝင်ငွေ ကျဆင်းသွားပြီး လုပ်ငန်း ဆက်လက်ပုံမှန်လည်ပတ်ရန်ရှိနေသည့် အခြေအနေအတွက် ဖယ်ထားသည့်ငွေဖြစ်သည်။ မိမိအတွက်သာ အရင်ကြည့်တတ်ခြင်းက သဘာဝကျသော်လည်း မိမိ၏လိုအပ်မှုထက်ကျော်ကြည့်ရန်၊ အခြားသူကို အစေခံနိုင်မည့် နည်းလမ်းများရှာကြံရန်၊ ရက်ရောသောစေတနာစိတ်ကို လေ့ကျင့် ပျိုးထောင်ရန် သမ္မာကျမ်းစာမှ တိုက်တွန်းအား‌ပေးထားပါသည်။ သုတ္တံကျမ်း အခန်းကြီး ၁၁ တွင် “စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ … စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုးကို ခံရလိမ့်မည်” (:၂၄-၂၅)ဟု သတိပေးထားပါသည်။

ယနေ့တွင် သင့်ဘဝကြီး သာယာကောင်းစားနေပါသလား။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ မည်သူ၏ဘဝ၌ ကွက်ကြားမိုးရွာနေသနည်း။ သင့်အား ဘုရားသခင်ကြွယ်ဝစွာ ပေးသနားသည့်ကောင်းချီးများကို အခြားသူများနှင့် လွတ်လပ်စွာ သင်မျှဝေပါလျှင် ကောင်းချီးများ အဆဆပွားများလိမ့်မည်။ စေတနာစိတ်ထက်သန်ခြင်းနှင့် လက်ဖွင့်မျှဝေခြင်းသည် တစ်ပါးသူတို့အတွက် မျှော်လင့် ခြင်းကို ဖြစ်စေသည့် အံ့ဖွယ်နည်းလမ်းဖြစ်ပြီး နာကျင်ခံစားနေရသူတို့အတွက် ဘုရားသခင်သူတို့ကို ချစ်ကြောင်းသတိပေးနေတော့သည်။