တပည့်တော်ဖြစ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပသည့် တစ်ပတ်တာလုံးတွင် အနောက်အလယ်ပိုင်းဒေသ၏ နွေဥတုအပူဒဏ်နှင့် စိုထိုင်းမှုဒဏ်ကို ကျွန်ုပ်တို့ ခံစားခဲ့ရသည်။ သို့သော် နောက်ဆုံးရက်တွင်မူ အရှေ့ဘက်မှလေအေးကို ခံစားခဲ့ရသည်။ ရာသီအပြောင်း လေအေးနှင့် ဘုရားပြုပေးသည့်အံ့ဖွယ်အရာအတွက် ကျေးဇူးတော်ချီးမွမ်းလျက် ရာနှင့်ချီသည့်လူတို့စုပေါင်းလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသည်။ စိတ်ရောကိုယ်ပါ ကျူးဧသီဆိုပြီး ခန္ဓာစိတ်ဝိညာဉ်ကို သခင့်ထံအပ်နှံလျက် လူများစွာတို့ လွတ်မြောက်ခြင်းကို ခံစားခဲ့ရသည်။ ၁၀ နှစ် ကြာပြီးမှ ထိုနေ့အကြောင်း ပြန်တွေးမိစဥ် ဘုရားရှင်ကိုချီးမွမ်းစဥ် ခံစားခဲ့ရသည့် ပကတိအံ့ဩမှု၊ ဝမ်းမြောက်မှုကို ပြန်လည်အမှတ်ရမိသည်။

ဒါဝိဒ်မင်းသည် ဘုရားသခင်ကို မည်သို့ စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းရမည်ကို သိသည်။ ယေရုရှလင်မြို့သို့ ဘုရားသခင်ကျိန်းဝပ်တော်မူရာ ပဋိညာဉ်သေတ္တာကို ယူဆောင်လာစဉ် သူသည် ဝမ်းမြောက်စွာ ကခုန်ခဲ့သည် (၅ ရာ ၁၅:၂၉)။ ဒါဝိဒ်ဇနီး မိခါလသည် သူ၏စိတ်လွတ်နေသည့်အခြေအနေကို ကြည့်ပြီး “စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု” (:၂၉)သည့်တိုင် သူမ၏ဝေဖန်မှုကြောင့် စစ်မှန်သော၊ တစ်ဆူတည်းသောဘုရားအား ချီးမွမ်းခြင်းကို ရပ်တန့်ပစ်ရန် ဒါဝိဒ်အခွင့်မပေးခဲ့ပါ။ ဣန္ဒြေမဲ့သည့် ပုံစံမျိုးပေါက်ခဲ့သော်လည်း နိုင်ငံကိုအုပ်ချုပ်ရန် သူ့အားရွေးချယ်ခဲ့သည့်အတွက် ဘုရားသခင်ကို ဒါဝိဒ်ကျေးဇူးတော် ချီးမွမ်းလိုခြင်းဖြစ်သည် (၂ ရာ ၆:၂၁-၂၂)။

“ထိုနေ့၌ ဒါဝိဒ်သည် အာသပ်နှင့်သူ့ညီတို့အား အပ်သော ထာ၀ရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား၊ ထာ၀ရဘုရား၏ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ထာ၀ရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့” (၅ ရာ ၁၆:၇-၉)။ ကျွန်ုပ်တို့၏ ချီးမွမ်းမှုနှင့် ကြည်ညိုမြတ်နိုးမှုတို့ကို သွန်းလောင်းခြင်းအားဖြင့် ကိုယ်ကိုအကြွင်းမဲ့ဆပ်ကပ်ပြီး ဘုရားသခင်ကို ချီးမွမ်းနိုင်ကြပါစေ။