Christian Mustad (ခရစ္စတန်မာ့စတတ်)က သူပိုင်သော ပန်းချီဆရာ Van Gogh (ဗန်ဂိုး)၏ ရှုခင်းပန်းချီကို ပန်းချီကားစုဆောင်းသူ Auguste Pellerin (သြဂတ်စ်ဖဲလာရင်)အား ပြသသည့်အခါ Pellerin က တစ်ချက်ကြည့်ပြီး Van Gogh ၏ လက်ရာအစစ်မဟုတ်ဟု ပြောခဲ့သည်။ Mustad သည် ပန်းချီကားကို အိမ်ထပ်ခိုးတွင် နှစ်ပေါင်း၅၀ ကြာ သိမ်းထားလိုက်သည်။ Mustad ဆုံးသွားပြီးနောက် ထိုပန်းချီကားသည် နောက်ထပ် နှစ်ပေါင်း ၄၀ အတွင်း မကြာခဏ အစစ်ခံခဲ့ရသော်လည်း ၂၀၁၂ ခုနှစ်အထိ အတုဟုသာ သတ်မှတ်ခံရသည်။ ၂၀၁၂ ခုနှစ်တွင် ကျွမ်းကျင်သူပညာရှင်တစ်ဦးက ပန်းချီကား၏ကင်းဗတ် ပိတ်စမှ ချည်များ၏ အကွာအဝေးကို ကွန်ပျူတာဖြင့် ရေတွက်ခဲ့ရာ၊ ၎င်းသည် Van Gogh ၏အခြားပန်းချီကား၏ပိတ်စနှင့် အတူတူဖြစ်ပြီး ပိတ်တစ်ခုတည်းမှ ဖြတ်ထားသည်ကို တွေ့ရှိခဲ့သည်။ Mustad သည် Van Gogh ၏ပန်းချီကားအစစ်ကို ဘဝတစ်လျှောက်လုံး ပိုင်ဆိုင်ခဲ့ပါသည်တကား။

အတုအယောင်ပမာ သင်ခံစားရပါသလား။ သင့်ကို စစ်ဆေးလိုက်လျှင် အနည်းငယ်သာ ဆုတောင်းသည်၊ ပေးကမ်းသည်၊ အစေခံသည်ကို လူတို့သိသွားမှာ စိုးကြောက်နေသလား။ စူးစမ်းသောမျက်လုံးများကို ရှောင်ရန် အမိုးအောက်ထပ်ခိုးတွင် ဝင်ပုန်းချင်စိတ် ဖြစ်နေပါသလား။

သင့်ဘဝ၏ အပေါ်ယံကောက်ကြောင်းများကို ကျော်ပြီး အတွင်းနက်ရှိုင်းရာ အထိ ထိုးဖောက်ကြည့်လိုက်ပါ။ ကိုယ့်လမ်းစဉ်၊ ကိုယ့်သဘောအတိုင်း မသွားဘဲ သခင့်ထံ ယုံကြည်အပ်နှံပါက သင်နှင့်သခင်သည် တူညီသည့်ပိတ်စတစ်ခုတည်း ပေါ်၌ ရှိနေပြီဖြစ်သည်။ “ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏” (ယော ၁၅:၅)ဟူသည့် သခင်ယေရှု၏ဥပမာအရ သခင်နှင့်သင်သည် စပ်ကြောင်းမရှိတော့ဘဲ တလုံးတဝတည်း ဖြစ်သွားပါပြီ။

သခင်ယေရှု၌တည်မှီခြင်းသည် သင့်အား သူ၏နောက်တော်လိုက် အစစ် အမှန် ဖြစ်စေပါသည်။ ၎င်းသည် သင်၏ပုံရိပ်ကိုတက်စေမည့် တစ်ခုတည်းသော လမ်းစဖြစ်သည်။ “အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာသော အသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ”ဟု သခင်မိန့်ကြားခဲ့ပါသည် (:၅)။