“မင်းကိုတွေ့ရတာ အရမ်းဝမ်းသာတယ်”၊ “ဟယ် နင်လည်းပါတယ်ပေါ့”၊ “မင်းဒီမှာ ရှိနေတာ ဝမ်းသာတယ်ဟေ့” စသည့် နှုတ်ဆက်သံများက နွေးထွေးပြီး့ ဖက်လဲတကင်းရှိလှသည်။ အမေရိကန်နိုင်ငံ၊ တောင်ပိုင်းကယ်လီဖိုးနီးယားရှိ အမှုတော်လုပ်ငန်း၏ အဖွဲ့ဝင်များက ညပိုင်းအစီအစဉ် မစတင်မီ အွန်လိုင်းပေါ်၌ တွေ့ဆုံခဲ့ကြသည်။ဧည့်သည်ဆရာအနေနှင့် စကားပြောရမည့် ကျွန်မက ကိုလိုရာဒိုပြည်နယ်မှနေ၍ အွန်လိုင်းဗွီဒီယိုသို့ ဝင်လာသူ တစ်ယောက်ပြီးတစ်ယောက်ကို တိတ်တဆိတ်ကြည့်နေမိသည်။ ကျွန်မ မည်သူ့ကိုမှ မသိသဖြင့် အပြင်လူတစ်ယောက်ကဲ့သို့ ခံစားရသည်။ ရုတ်တရက် ကျွန်မ၏သင်းအုပ်ဆရာဝင်လာပြီး နှစ်ရှည်လများ သိကျွမ်း ခဲ့သည့် ဘုရားကျောင်းမှသူငယ်ချင်းလည်း ဝင်လာသည်။ သူတို့ကိုမြင်လိုက်မှ အထီးကျန်သည်ဟု မခံစားရတော့ပါ။ ဘုရားက အထောက်အပံ့ပို့လိုက်သလိုပင်။

ဧလိယသည် အာဟပ်နှင့်ယေဇဗေလတို့၏ အမျက်ဒေါသရန်မှ ရှောင်ပြေး ပြီးနောက် ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသောပရောဖက်ဟု ခံစားရသော်လည်း (၃ ရာ ၁၉:၁၀) သူတစ်ယောက်တည်း ကျန်ခဲ့သည် မဟုတ်ပါ။ ရက်ပေါင်း ၄၀၊ ညပေါင်း ၄၀၊သဲကန္တာရတွင် ဖြတ်ကျော်ခရီးနှင်ရပြီးနောက် ဟောရပ်တောင်ခြေ ဥမင်ထဲ၌ ဧလိယပုန်းခိုခဲ့သည်။ သို့သော် ဘုရားသခင်က အစေခံရန် ဧလိယကို ပြန်လည် ခေါ်ယူခဲ့ပြီး “ထာ၀ရဘုရားက ဒမာသက်တောသို့ပြန်၍ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကိုရှုရိရှင်ဘုရင်အရာ၌ခန့်ထား၍ ဘိသိက်ပေးလော့။ နိမ်ရှိသားယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သား ဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့” (:၁၅-၁၆)ဟု မိန့်ကြားခဲ့သည်။

“သို့ရာတွင် ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကို မပြုသောသူအပေါင်း တည်းဟူသော ဣသရေလအမျိုးသား ခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေ ပြီ” (:၁၈)ဟု ဘုရားသခင်က ဧလိယကို အသေအချာပြောခဲ့သည်။ ဧလိယ သိနားလည်ခဲ့သည့်အတိုင်း ဘုရားကိုအစေခံသည်တွင် ကျွန်ုပ်တို့တစ်ကိုယ်တည်း အစေခံရခြင်း မဟုတ်ပါ။ ဘုရားက ကူဖော်လောင်ဖက်ကို ခေါ်ဆောင်လာပေးသည့်အခါ ကျွန်ုပ်တို့အတူတကွ အစေခံရမည်ဖြစ်သည်။