လူတစ်ဉီးသည် ငါးစာရောင်းသည့်ဆိုင်တွင် ငါးဖမ်းကိရိယာဘူးကို ပထမဆုံးရွေးလိုက်သည်။ ဈေးဝယ်တွန်းလှည်းထဲသို့ ငါးမျှားချိတ်၊ ငါးကိုဆွဲဆောင်သည့် ကိရိယာများ၊ ဘော့ဘာ၊ ငါးမျှားကြိုးနှင့် ခဲသီးများ ထည့်လိုက်သည်။ နောက်ဆုံး၌ သက်ရှိငါးစာ၊ ငါးမျှားတံအသစ်နှင့် ရစ်ကြိုးတို့ကို ထပ်ပေါင်းထည့်လိုက်သည်။ ဆိုင်ရှင်က “အရင်က ငါးမျှားဖူးလား” ဟုမေးရာ သူက “မမျှားဖူးဘူး” ဟုပြန်ဖြေသည်။ ဆိုင်ရှင်က “ဒါကိုထပ်ယူရင် ပိုကောင်းမယ်”ဟု ပြောသည်။ ရှေးဉီးသူနာပြုသေတ္တာ ဖြစ်သည်။ သူလည်း သဘောတူကာ ငွေရှင်းပြီး ထွက်လာခဲ့သည်။ ထိုနေ့က ငါးတစ်ကောင်မှမမိဘဲ ငါးမျှားချိတ်နှင့် ဂီယာတို့‌ကြောင့် သူ့လက်ချောင်းများ၌ ရှရာစုတ်ပြဲဒဏ်ရာများသာရခဲ့သည်။

ရှိမုန်ပေတရုအတွက် ၎င်းသည် ပြဿနာမဟုတ်ပါ။ သူ့လှေကိုရေနက်ရာသို့ ရွှေ့ပြီး “ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့” (လု ၅:၄) ဟု ရှင်ယေရှုပြောလိုက်သည့် စကားကြောင့် အတွေ့အကြုံရင့်ကျက်သည့် တံငါသည်ရှိမုန်မှာ အံ့အားသင့်သွားရသည်။ တစ်ညလုံး ငါးတစ်ကောင်မျှမမိသော်လည်း ရှိမုန်နှင့် သူ့အပေါင်းအဖော်တို့ ပိုက်ကွန်ကိုချလိုက်ရာ “အလွန်များစွာသောငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။” ထိုမျှမက ငါးများကြောင့် သူ့လှေနှစ်စင်းမှာ နစ်လုနစ်ဆဲဖြစ်ခဲ့သည် (:၆)။

ဤအရာကိုမြင်ပြီး ရှိမုန်ပေတရုက “(ရှင်)ယေရှု၏ပုဆစ်တော်ကို ဉီးတိုက်၍ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါ”ဟု သခင့်အား လျှောက်လေသည် (:၈)။ သို့သော် ရှင်ယေရှုသည် ရှိမုန်၏ စစ်မှန်သောဖြစ်တည်မှုကို သိသည်။ ကိုယ်တော်က သူ၏တပည့်တော်အား “သင်သည် ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူဖြစ်လိမ့်မည်”ဟု မိန့်တော်မူသော စကားကိုကြားပြီး ရှိမုန်သည် “ရှိသမျှတို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်” လေ၏ (:၁၀-၁၁)။ ကျွန်ုပ်တို့သည် သခင့်နောက်သို့လိုက်သောအခါ မိမိမည်သူမည်ဝါဖြစ်ကြောင်း မိမိ၏ ဖြစ်တည်မှုကို သိအောင်၊ သခင်၏သားသမီးများအနေနှင့် မည်သည့်အရာပြုရမည်ကို သိအောင် သင်ယူနိုင်ရန် သခင်ကူညီမစပေးတော်မူသည်။