ကလေးတစ်ဉီးအနေနှင့် ထဲနီ သည် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားရသည်။ သူ့အဖေ၏လက်ခံမှုကို တောင်းခံသော်လည်း တစ်ခါမှ မရရှိခဲ့ပါ။ ကျောင်း၌ ဖြစ်စေ၊ အိမ်၌ဖြစ်စေ သူလုပ်ဆောင်သမျှက စိတ်တိုင်းမကျစရာ ဖြစ်နေပုံပေါ် နေသည်။ အရွယ်ရောက်လာသည့်တိုင် စိတ်မလုံခြုံမှုက ရှိနေဆဲဖြစ်သည်။ ငါကောင်းကောင်းမလုပ်နိုင်ဘူးလားဟု သူအမြဲ စဉ်းစားနေမိသည်။

ထဲနီသည် ရှင်ယေရှုကို သူ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ခဲ့ချိန်တွင်မှ ကြာမြင့်စွာ သူတောင့်တခဲ့သည့် စိတ်လုံခြုံမှုနှင့် သူ့အားလက်ခံမှုကို သူတွေ့ရှိခဲ့သည်။ ဘုရားရှင်သည် သူ့ကိုဖန်ဆင်းပြီး သူ၏သားသမီးကဲ့သို့ သူ့ကိုချစ်မြတ်နိုးကြောင်း သူသိခဲ့ရပြီး နောက်ဆုံးတွင် သူသည် အမှန်တန်ဖိုးထား နှစ်သက်ခံရကြောင်း ယုံကြည်မှုရှိရှိဖြင့် နေထိုင်သွားနိုင်တော့သည်။

ဟေရှာယအနာဂတ္တိကျမ်း ၄၃:၁-၄ တွင် ဘုရားသခင်က သူရွေးကောက်သော လူမျိုးတော်အား သူတို့ကို ဖန်ဆင်းပြုပြင်လျက်၊ သူ၏တန်ခိုးတော်နှင့် မေတ္တာတော်ကို သုံးပြီး သူတို့ကိုကယ်တင်မည်၊ “သင်သည် ငါမြတ်နိုးရာ ဖြစ်သောကြောင့် အသရေရှိပြီ”ဟု မိန့်တော်မူသည်။ သူတို့ကို ချစ်သည့်အတွက် သူတို့ကိုယ်စား အရေးယူဆောင်ရွက်မည်ဖြစ်သည် (:၄)။

သူချစ်သောသူများအပေါ် ဘုရားရှင်ထားသည့်တန်ဖိုးမှာ ကျွန်ုပ်တို့၏ လုပ်ဆောင်ကျင့်ကြံသော အမှုအရာနှင့်မသက်ဆိုင်ပါ။ သို့သော် ဘုရား၏လူ ဖြစ်အောင် ကျွန်ုပ်တို့ကို ဘုရားရှင်ရွေးချယ်ကြောင်း ရိုးရှင်းပြီး တန်ခိုးနှင့် ပြည့်စုံသည့် သမ္မာတရားနှင့်သာ သက်ဆိုင်သည်။

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၃ ရှိ ဤနှုတ်ကပတ်စကားက ထဲနီအား ကြီးစွာသောလုံခြုံမှု ပေးရုံသာမက သူ့အား စေစားပေးအပ်သည့် မည်သည့်အလုပ်ကိုမဆို ဘုရားအတွက် အကောင်းဆုံးပြုမည် ဟူသည့်စိတ်ချမှုကို အားဖြည့်ပေးသည်။ ယနေ့တွင် ထဲနီသည် “သခင်ယေရှုက ကျွန်ုပ်တို့ကိုလက်ခံပြီး ကျွန်ုပ်တို့အပေါ် အကောင်းမြင်ထောက်ခံကြောင်း” အသက်ပေးသော ဤသမ္မာတရားကို မိမိ အစွမ်းရှိသမျှ အခြားသူများကို တိုက်တွန်းခွန်အားပေးသော သင်းအုပ်တစ်ပါး ဖြစ်နေပြီဖြစ်သည်။ ကျွန်ုပ်တို့လည်း ဤသမ္မာတရားနှင့်အညီ ယုံကြည်စိတ်ချမှု အပြည့်ဖြင့် ယနေ့ သက်ရှင်ကြပါစို့။