ကောလင်းနှင့် သူ့ဇနီး ဂျော်ဒန်တို့ လက်မှုပစ္စည်းစတိုးဆိုင်ထဲ လှည့်ပတ်ကြည့်ရင်း သူတို့အိမ်၌ချိတ်ဆွဲမည့် ပုံကားချပ်တစ်ချပ် ရှာနေကြသည်။ ကောလင်းက သူတို့နှင့်ကိုက်သည့်ပစ္စည်းတွေ့ပြီဟုအတွေးနှင့် ဂျော်ဒန်ကို လှမ်းခေါ်လိုက်သည်။ သူပြသည့် ကြွေထည်ပစ္စည်း၏ ညာဘက်ခြမ်းတွင် ‘ကျေးဇူးတရား’ ဟူသော စာလုံးပါရှိပြီး ဘယ်ဘက်ခြမ်းတွင်မူ အက်ကြောင်းရှည်နှစ်ခုရှိနေ၍ “ဒါက ကျိုးနေတာပဲ” ဟု ဂျော်ဒန်ကပြောပြီး စင်ပေါ်မှ အကောင်းတစ်ခုကို ရှာကြည့်လိုက်သည်။ ကောလင်းက “မဟုတ်ဘူး၊ ဒါကမှ အဓိကအချက်ပဲ။ ငါတို့တွေဟာ ကျိုးပဲ့ပျက်စီးနေပြီး အချိန်ကိုက်ကျေးဇူးတရားက ရောက်ရှိလာတာ”ဟု ပြောလိုက်သည်။ သို့နှင့် အက်ကြောင်းများရှိသည့် ကြွေထည်ကို ဝယ်ရန်သူတို့ဆုံးဖြတ်လိုက်သည်။ ငွေရှင်း ကောင်တာတွင် အရောင်းစာရေးက “အို အဲဒါကအက်နေတယ်”ဟု ပြောရာ “ဟုတ်တယ်၊ ငါတို့လည်း အဲလိုပဲလေ” ဟု ဂျော်ဒန်က တီးတိုးပြောလိုက်သည်။

“ကျိုးပဲ့ပျက်စီး”နေသူဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ လူတစ်ဦးက မည်မျှပင်ကြိုးစားကြိုးစား၊ မိမိ၏စွမ်းရည်ဖြင့် ဘဝအဆင်ပြေအောင် မလုပ်နိုင်ဘဲ ပိုမိုဆိုးရွားလာကြောင်းကို တိုး၍သိလာခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ၄င်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ဘဝအသက်တာထဲသို့ ကိုယ်တော် ဝင်ရောက်လာမှုကို လိုအပ်ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။

တမန်တော်ရှင်ပေါလုက ကျွန်ုပ်တို့သည် “ဒုစရိုက်အပြစ်၌ သေလျက်ရှိနေ” သည်ဆိုသည့် အသုံးအနှုန်းဖြင့် ကျွန်ုပ်တို့၏ကျိုးပဲ့ပျက်စီးမှုအကြောင်း ပြောထားသည် (ဧ ၂:၂)။ ခွင့်လွှတ်မှုနှင့် ပြောင်းလဲမှုလိုအပ်ခြင်းအတွက် အခန်းငယ် ၄ နှင့် ၅ ၌ အဖြေရှိသည်။ “ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့် ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။”

“ကျွန်ုပ်သည် ကျိုးပဲ့ပျက်စီးနေပါ၏”ဟု ကျွန်ုပ်တို့ဝန်ခံပါက ကျွန်ုပ်တို့၏ ကျိုးပဲ့မှုကို သူ၏ကျေးဇူးတော်အားဖြင့် ကုသပြုပြင်ပေးရန် ဘုရားသခင်အလိုရှိပါသည်။