၂၀၀၆ ခုနှစ်တွင် ကျွန်ုပ်ဖခင်သည် မှတ်ဉာဏ်ပျောက်၊ စကားမပြော၊ ခန္ဓာလှုပ်ရှားမှုကို မထိန်းချုပ်နိုင်သည့် ဉီးနှောက်အာရုံကြောဆိုင်ရာ ရောဂါဖြစ်နေပြီဟု စစ်ဆေးတွေ့ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အဖေအိပ်ယာထဲလဲပြီး အမေက သူ့ကို ပြုစုစောင့်ရှောက်ရသည်။ အဖေရောဂါဖြစ်စအချိန်က ဘဝ အမှောင်ကျလျက် ကျွန်ုပ်မှာ ကြောက်ရွံ့နေခဲ့သည်။ လူနာကို မည်သို့ပြုစုရမည်ကို ဘာတစ်ခုမှမသိ၊ ငွေရေးကြေးရေးနှင့် အမေ့ကျန်းမာရေးအတွက်လည်း စိတ်ပူခဲ့သည်။

ယေရမိမြည်တမ်းစကား ၃:၂၂ ပါ နှုတ်ကပတ်တော်သည် မှုန်ရီဝိုးတဝါးဖြစ်နေသည့် ကျွန်ုပ်၏နှလုံးသားကဲ့သို့ မှောင်နေသော မနက်ခင်းများစွာ၌ နှိုးထနိုင်ရန် မစခဲ့သည်။ “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။” ဟေဗြဲ ဝေါဟာရတွင် “ဆုံးရှုံးခြင်း”၏အဓိပ္ပာယ်မှာ “ဘာမှမကျန်အောင် ပြောင်သလင်းခါသည်” သို့မဟုတ် “အဆုံးသို့ရောက်သည်” ဟူ၍ဖြစ်သည်။

ကျွန်ုပ်တို့ရှေ့ဆက်နိုင်အောင်၊ တစ်နေ့တာကို ရင်ဆိုင်နိုင်အောင်၊ ခံရပ်နိုင်အောင် ဘုရားသခင်၏ကြီးမားမေတ္တာက မစသည်။ စစ်ကြောမှုများက လွှမ်းမိုးနေသည်ဟု ခံစားရနိုင်လည်း မေတ္တာတော်က သာလွန်ကြီးမြတ် သည့်အတွက် စစ်ကြောမှုများကြောင့် ကျွန်ုပ်တို့ပျက်စီးသွားမည် မဟုတ်ပါ။

ကျွန်ုပ်၏မိသားစုအပေါ် ပြသသော ဘုရား၏သစ္စာကရုဏာနည်းလမ်း အသွယ်သွယ်ကို ကျွန်ုပ်အကြိမ်ကြိမ် ပြန်လည်ရေတွက်နိုင်ပါသည်။ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ အကြင်နာမေတ္တာပြမှု၊ ဆရာဝန်များ၏ ကောင်းမွန်သည့်အကြံဉာဏ်၊ ငွေကြေးအကူအညီ၊ အဖေသည် တစ်နေ့တွင် ကောင်းကင်နိုင်ငံ၌ စုံလင်ပြည့်ဝနေမည်ကို နှလုံးသား၌သတိရစေခြင်း စသည်တို့ဖြင့် ဘုရားသခင်၏ပြင်ဆင်ထောက်ပံ့မှုကို တွေ့ရှိခံစားခဲ့ရသည်။

မှောင်မိုက်အချိန်ကိုကျော်ဖြတ်နေရပါက မျှော်လင့်ခြင်းကို မစွန့်လွှတ်လိုက်ပါနှင့်။ ကြုံတွေ့ရသည့်အမှုအရာများကြောင့် သင်ချွတ်ခြုံကျသွားမည် မဟုတ်ပါ။ သင့်အတွက် ဘုရားသခင်၏သစ္စာတည်သော ချစ်မေတ္တာနှင့် ထောက်ပံ့မှုကို ဆက်လက်ကိုးစားယုံကြည်ပါ။