မိမိကိုယ်ကိုနာကျင်စေတတ်သူများ ဝတ်လေ့ရှိသည့် တီရှပ်အင်္ကျီလက်ရှည်ကို လက်ပေါ်တစ်ဝက်တစ်ပျက် ခေါက်တင်ထားသည့် ၁၅ နှစ်အရွယ်မိန်းကလေး၏ “ခြစ်ရာဖုံးထားပုံ”ကို စိတ်ပညာရှင် Madeline Levine (မယ်ဒလင်းလာဗင်) သတိပြုမိခဲ့သည်။ အင်္ကျီလက်ကို သူဆွဲတင်လိုက်သောအခါ လက်ဖျံပေါ်တွင် “အနတ္တ”ဟူသောစာလုံးကို ဘလိတ်ဓားနှင့်ထွင်းထားသည်ကို တွေ့လိုက်ရ၍ Levine မှင်သက်သွားပြီး ဝမ်းနည်းသွားသော်လည်း ထိုဆယ်ကျော်သက်လေးသည် သူအလွန်အမင်း အလေးအနက် လိုအပ်နေသည့်အကူအညီကို ရယူရန် ပွင့်ပွင့်လင်းလင်းရှိသည့်အတွက် ကျေးဇူးတင်မိသည်။

ဆယ်ကျော်သက်မိန်းကလေးသည် နှလုံးသား၌ “အနတ္တ” ဟု ရေးထွင်းထား သူများကို တစ်နည်းနည်းဖြင့် ကိုယ်စားပြုနေသည်။ လစ်ဟာနေမှုများကို ဖြည့်ဆည်းပေးရန်နှင့် “ပြည့်စုံသော”အသက်ကို ပေးခြင်းငှာ ရှင်ယေရှု ကြွဆင်းလာကြောင်း ရှင်ယောဟန်က ရေးသားခဲ့သည် (ယော ၁၀:၁၀)။ လူသားတိုင်း၏စိတ်၌ ပြည့်စုံသောအသက်ကို ရရှိလိုသောဆန္ဒအား ဘုရားသခင်ပေးထားပြီး သူနှင့်နှစ်သက်ဖွယ်ဆက်ဆံရေးကို လူတို့တွေ့ကြုံခံစားရရန် ကိုယ်တော်အလိုရှိသည်။ သို့သော် ကိုယ်တော်က “သူခိုး”သည် လူ့အသက်ကို ရန်ရှာဖျက်ဆီးရန် လူများ၊ အရာဝတ္တုများနှင့် အခြေအနေအရပ်ရပ်ကို အသုံးချကာ ကြိုးစားမည်ဟု သတိပေးထားသည် (:၁၊ ၁၀)။ သူခိုး၏ အသက်ပေးမည်ဟု ကြွေးကြော်မှုများမှာ အတုအယောင်နှင့် တုပမှုသာဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် သခင်ယေရှုက စစ်မှန်သည့် “ထာဝရအသက်”ကို ပေးသနားပြီး “ကျွန်ုပ်တို့ကို မည်သူမှ ကိုယ်တော်၏လက်မှ မနုတ်မယူရာ” ဟု ကတိပေးထားပါသည် (:၂၈)။

သခင်ယေရှုတစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့နှလုံးသားထဲမှလစ်ဟာမှုများကို အသက်ဖြင့် ဖြည့်ဆည်းပေးနိုင်ပါသည်။ လစ်ဟာနေသည်ဟု သင်ခံစားနေရပါက ကိုယ်တော်အား ယနေ့ဟစ်ခေါ်လိုက်ပါ။ ရုန်းကန်မှုများနှင့် ကြုံတွေ့နေရပါက ဘုရားတရားနှင့်ဆိုင်သော အကြံဉာဏ်ကို ရှာဖွေလိုက်ပါ။ သခင်၌တွေရှိနိုင်သော အဓိပ္ပာယ်ရှိသည့် ကြွယ်ဝပြည့်စုံသောအသက်ကို ခရစ်တော်သာလျှင် ပေးသနားနိုင်ပါသည်။