၂၀၁၉ ခုနှစ်တွင် Cap Dashwood (ကက်ဒက်ရှ်ဝု)နှင့် သူ့အချစ်တော်ခွေးမည်းလေး Chaela (ခေးလာ)တို့ အမှုထူးတစ်ခုကို လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအမှုမှာ နေ့စဥ်အဆက်မပြတ် တောင်တက်ပြီး ရက်ပေါင်း ၃၆၅ ရက်တွင် တောင်ထိပ်ပေါ် ရောက်ခဲ့ကြသည်။ (‘Chae’ မှာ ကွယ်လွန်သွားသော သူ့ယခင် လဘရာဒေါခွေး၏ အမည်ဖြစ်ပြီး ‘la’ မှာ ‘Labrador angel’ (လဘရာဒေါ ကောင်းကင်တမန်) ခွေးမျိုးအမည်၏ အစ စာလုံးဖြစ်သည်။

Dashwood ကိုယ်၌က စိတ်ဝင်စားဖွယ်ဇာတ်လမ်းရှိသည်။ အသက် ၁၆ နှစ်တွင် ဆိုးဝါးသောမိသားစုဘဝကြောင့် သူအိမ်မှထွက်ခွာခဲ့သည်။ အတိတ်၏ ဒဏ်ရာဟောင်းများက သူ့အား ကုစားနိုင်မည်ထင်သည့်အရာများကို ရှာဖွေစေခဲ့သည်။ “တစ်ခါတစ်လေ လူတွေကို စိတ်ပျက်စိတ်ကုန်သွားတဲ့အခါ အခြားအရာကိုပဲ အာရုံစိုက်လိုက်တော့တယ်” ဟု သူရှင်းပြသည်။ Dashwood အတွက် ထို”အခြားအရာ”က သူ့ဘဝ၏တစ်စိတ်တစ်ပိုင်းဖြစ်လာသည့် တောင်တက်ခြင်းနှင့် သူ့အဖော် လဘရာဒေါခွေးမည်းလေး၏ အတိုင်းအဆမဲ့မေတ္တာပင်ဖြစ်သည်။

ကျွန်ုပ်အပါအဝင် မိမိ၏တိရိစ္ဆာန်အဖော်ကို အလွန်ချစ်သူများသည် ကျွန်ုပ်တို့အတွက် ၎င်းတို့ပြသသော မေတ္တာချစ်ခြင်းသည် အကြွင်းမဲ့သော၊ ရှားပါးသော မေတ္တာမျိုးဖြစ်ကြောင်း သိသည်။ သို့သော် တိရိစ္ဆာန်တို့၏မေတ္တာသည် အခြားသူတို့၏ယုတ်လျော့နိုင်သောမေတ္တာထက် သာ၍ကြီးမားနက်နဲစစ်မှန်သော ဘုရားသခင်၏မရွေ့လျော့မပြောင်းလဲသော၊ ကြွယ်ဝသော၊ စကြဝဠာကို တည်စေသော မေတ္တာတော်ကို ပြညွှန်နေသည်ဟု ကျွန်ုပ်ပြောလိုပါသည်။

ဆာလံကျမ်း အခန်းကြီး ၁၄၃ တွင် သူ၏များစွာသော ဆုတောင်းများကဲ့သို့ပင် “မရွေ့လျော့ မပြောင်းလဲသော ကရုဏာတော်”ကို (:၁၂) ကိုးစားသည့် ဒါဝိဒ်၏ယုံကြည်ခြင်းက သူတစ်ဦးတည်းဖြစ်သကဲ့သို့ ခံစားရချိန်တွင် သူ့အား မျှော်လင့်ခြင်းကို ပေးခဲ့သည်။ သို့သော် နံနက်မိုးသောက်ချိန်၌ “ကရုဏာတော် စကားသံကို” (:၈) ဆောင်ကြဥ်းပေးမည်ဟု စိတ်ချနိုင်သည့်ခွန်အားကို တစ်သက်တာလုံး ဘုရားသခင်နှင့်သူ အတူလျှောက်လှမ်းမှုအားဖြင့်သာ ရရှိခဲ့သည်။
မသိနိုင်သောအနာဂတ်လမ်းကို လမ်းပြရန် ဘုရားသခင်အား အခွင့်ပေးလျက် တစ်ဖန်ကိုးစားခိုလှုံနိုင်မည့် မျှော်လင့်ခြင်း ဖြစ်ပေသည် (:၈)။