ကျွန်မတို့၏စကားဝိုင်း၌ အဲမာက ဘုရားသားသမီးအနေဖြင့် သူမ၏ဖြစ်တည်မှုကို ကိုင်စွဲနိုင်အောင် ဘုရားရှင်မစခဲ့ပုံကို သက်သေခံရင်း ကျမ်းချက်များ ရွတ်ဆိုခဲ့သည်။ အထက်တန်းကျောင်းသူလေးက ကိုယ့်စကားကိုယ်မပြောဘဲ ဘုရားနှုတ်ကပတ်တော်ကို မည်သည့်အချိန်ကစ၍ ကိုးကားရွတ်ဆိုနိုင်သည်ကို ကျွန်မနားမလည်နိုင်ပါ။ လမ်းလျှောက်နေသည့် ကျမ်းစာအုပ်နှင့်တူသည်ဟု သူမကိုချီးမွမ်းလိုက်သောအခါ သူမ မျက်မှောက်ကြုံ့သွားသည်။ ကျမ်းစာကို တမင်သူရွတ်ဆိုနေခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာကို နေ့စဥ်ဖတ်ရှုခြင်းမှ ရရှိခဲ့သည့်ပညာဉာဏ်က သူမ၏နေ့စဥ်အသက်တာ အပြောအဆို၏တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့ခြင်းပါ။ ဘုရားရှင်၏အစဥ် တည်ရှိခြင်းမျက်မှောက်တော်ကို ဝမ်းမြောက်ခံစားလျက် အခြားသူများနှင့် သမ္မာတရားကိုမျှဝေရန် ရရှိသည့်အခွင့်အရေး၌ သူပျော်မွေ့သည်။ အခြားသူတို့အား ဆုတောင်းလျက် ကျမ်းစာဖတ်ရန်၊ အလွတ်ကျက်မှတ်ပြီး လက်တွေ့အသက်ရှင်အောင် နိုးဆော်ရန် ဘုရားရှင်အသုံးပြုသူလူငယ်မှာ အဲမာ ပထမဦးဆုံး မဟုတ်ပါ။

တိမောသေအား ဦးဆောင်မှု ခေါင်းဆောင်နေရာကိုခံယူရန် အားပေးခဲ့ချိန်က ဤလူငယ်လေးအပေါ် စိတ်ချယုံကြည်မှုကို တမန်တော်ရှင်ပေါလု ပြခဲ့သည် (၁ တိ ၄:၁၁-၁၆)။ တိမောသေသည် ငယ်စဥ်ကပင် ကျမ်းစာ၌အမြစ်စွဲသူ (၂ တိ ၃:၁၅) ဟု ရှင်ပေါလုအသိအမှတ်ပြုခဲ့သည်။ ရှင်ပေါလုနည်းတူ တိမောသေလည်း သံသယရှိသူများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့ဖြစ်သည့်တိုင် “ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်”ကြောင်း (:၁၆) သူတို့နှစ်ဦးစလုံးက ယုံကြည်လျက်ဘဝရှင်သန်ခဲ့ကြသည်။ ကျမ်းစာသည်”ဘုရားသခင်၏လူ(အား) စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည့်အကြောင်း သြဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊တရားကိုသွန်သင်ခြင်းကျေးဇူးကို ပြုတတ်”ကြောင်း (:၁၇) အသိအမှတ်ပြုသည်။

မိမိစိတ်နှလုံး၌ ဘုရား၏နှုတ်ကပတ်ပညာတော်ကို သိုထားသောအခါ ကိုယ်တော်၏အမှန်တရားနှင့် မေတ္တာတော်သည် ကျွန်ုပ်တို့ပြောဆိုသည့် စကားများ၌ အလိုအလျောက်ထွက်ပေါ်လာနိုင်ပြီး လမ်းလျှောက်နေသည့် ကျမ်းစာအုပ်များသဖွယ် မိမိသွားလေရာ၌ ဘုရားသခင်၏ထာဝရမျှော်လင့်ခြင်း အကြောင်းကို မျှဝေဟောပြောနိုင်လိမ့်မည်။