ရှေးဟောင်းရောမခေတ်မှ ဒဿနိကပညာရှင် Seneca (စီနီကာ) (ဘီစီ ၄ ရာစု- အေဒီ ၆၅)အား ဧကရာဇ်မင်းကတော် Messalina (မက်စာလီနာ)က သူတစ်ပါးသားမယားကို ပြစ်မှားသည်ဟု စွပ်စွဲခဲ့သည်။ Seneca အား လွတ်တော်မှ သေဒဏ်ချမှတ်လိုက်ပြီးနောက် သူ့အပေါ်စွပ်စွဲမှုသည် မှားယွင်းမှုဟု ဧကရာဇ်မင်း Claudius (ကလောဒိယက်စ်)က သံသယရှိခြင်းကြောင့် သူ့ကို Corsica (ကော်စီကာ)နယ်သို့ပြည်နှင်ဒဏ်ပေးလိုက်သည်။ ဤပြစ်ဒဏ်က ကျေးဇူးတင်ခြင်းနှင့်ပတ်သက်သည့် Seneca ၏အမြင်ကို ပုံသွင်းခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ ထို့ကြောင့် သူက “လူသတ်သမား၊ မင်းဆိုး၊ သူခိုး၊ သူတစ်ပါးသားမယားပြစ်မှားသူ၊ ထားပြ၊ ဘုရားကိုပြစ်မှားသူ၊ သစ္စာဖောက် စသည်တို့က ရှိမြဲရှိနေမည်။ သို့သော် ဤပြစ်မှုများထက် ကျေးဇူးမတင်တတ်ခြင်းက အဆိုးဝါးဆုံးပြစ်မှုဖြစ်သည်” ဟု ရေးခဲ့သည်။
Seneca နှင့်ခေတ်ပြိုင်ပေါ်ထွန်းခဲ့သည့် တမန်တော်ရှင်ပေါလုက ယင်းကို သဘောတူကောင်းတူခဲ့လိမ့်မည်။ ရောမသြဝါဒစာ ၁:၂၁ တွင် လူသားတို့၏ပြိုလဲကျဆင်းမှု၏အဓိကတရားခံမှာ ဘုရားသခင်အား ကျေးဇူးမတင်လိုသောကြောင့်ဖြစ်သည်ဟု သူရေးခဲ့သည်။ ကောလောသဲအသင်းတော်သို့ စာရေးရာ၌လည်း ခရစ်တော်၌ ယုံကြည်သူတို့အား ကျေးဇူးတင်စိတ်ရှိရန် သုံးကြိမ်သူစိန်ခေါ်ခဲ့သည်။ ကျွန်ုပ်တို့၌ ကျေးဇူးတော်ချီးမွမ်းခြင်းစိတ်နှင့် ပြည့်လျှံနေသင့်ကြောင်း သူဆိုခဲ့သည် (ကော ၂:၇)။ ကျွန်ုပ်တို့၏စိတ်နှလုံး၌ ဘုရားသခင်၏ငြိမ်သက်ခြင်းကို အုပ်စိုးခွင့်ပေးခြင်းကြောင့် ကျေးဇူးသိသောစိတ်နှင့် တုံ့ပြန်ရပေမည် (၃:၁၅)။ ထို့ပြင် ကျွန်ုပ်တို့၏ ဆုတောင်းချက်များတွင် ကျေးဇူးတင်စိတ်က ပေါ်လွင်နေသင့်သည် (၄:၂)။
ကျွန်ုပ်တို့အပေါ်ထားသည့် ဘုရားသခင်၏ချစ်ကြင်နာမှုက ဘဝအဖြစ်မှန် တစ်ခုကို သတိပေးပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ မေတ္တာနှင့်၊ ကိုးကွယ်မှုနှင့်သာမက ကျေးဇူးတင်မှုနှင့်လည်း ထိုက်တန်သည်။ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည်” ကိုယ်တော်ထံမှ သက်ရောက်သည် (ယာ ၁:၁၆)။
ခရစ်တော်အားဖြင့် ကျွန်ုပ်တို့အား ပေးသည့်အရာများအတွက် ကျေးဇူးသိစိတ်က အသက်ရှူသကဲ့သို့ ပုံမှန်ဖြစ်သင့်သည်။ ဘုရားသခင်ပေးသနားသည့် ကျေးဇူးလက်ဆောင်များအတွက် ကျေးဇူးသိတတ်မှုဖြင့် တုံ့ပြန်နိုင်ကြပါစေ။