ဒုတိယကမ္ဘာစစ်အတွင်းက Prem Pradham (ပရမ်ပရာဒဲမ်) (၁၉၂၄-၁၉၉၈)၏ လေယာဥ်ပစ်ချခံရပြီးနောက် လုံခြုံရာသို့ လေထီးဖြင့်ဆင်းသက်စဥ် ဒဏ်ရာရသွားပြီး ကျန်ရှိသည့်တစ်ဘဝလုံး ခြေထောက်ချိနဲ့သွားသည်။ “ကျွန်တော်က ခြေမသန်ဘူး။ သို့သော် ဘုရားသခင်က ကျွန်တော့်ကို ဟိမဝန္တာတောင်တန်းမှာဧဝံဂေလိတရားဟောပြောဖို့ စေစားတယ်။ ဒါဟာ ဘုရားသခင်ရဲ့ထူးဆန်းမှုမဟုတ်ပါလား” ဟု သူရေးသားခဲ့သည်။ နီပေါနိုင်ငံ၌ သူတရားဟောခဲ့ပြီး ဆန့်ကျင်တားမြစ်ခံခဲ့ရသည်။ ဆိုးရွားလွန်းသည့်အခြေအနေကို အကျဥ်းသားများ ကြုံတွေ့ခံစားရသည့် ‘သေမင်းထောင်’၌ပါ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ (၁၅) နှစ်တာကာလအတွင်း ထောင် (၁၄) ခုတွင် သူ (၁၀) နှစ် အကျဥ်းကျခဲ့သည်။ သို့သော် သူ၏ရဲရင့်သောသက်သေခံမှုကြောင့် ထောင်လုံခြုံရေးအစောင့်နှင့် အကျဥ်းသားများသည် ခရစ်တော်ထံသို့ အသက်တာပြောင်းလဲပြီး၊ သခင်ယေရှု၏သတင်းစကားကို သူတို့လူမျိုးများထံသို့ ပြန်လည်ဆောင်ယူသွားကြသည့် ပြောင်းလဲခြင်းအသီးအပွင့်ကို တွေ့ခဲ့ရသည်။

တမန်တော်ပေတရုသည်လည်း ယေရှုကို ယုံကြည်ခြင်းကြောင့်၊ ခြေဆွံ့သူတစ်ဦး၏အနာကိုငြိမ်းစေရန် ဘုရားရှင်၏အသုံးတော်ခံပြီးသည့်နောက် (တ ၄:၉) ဆန့်ကျင်မှုများရင်ဆိုင်ရသည်။ သို့သော် ခရစ်တော်အတွက် ရဲရင့်စွာ ဟောပြောရန် အခွင့်အရေးရယူခဲ့သည် (:၈-၁၃)။

ယနေ့တွင် ပေတရုနည်းတူ ကျွန်ုပ်တို့လည်း ဆန့်ကျင်မှုကြုံရနိုင်သော်လည်း (:၃)၊ ကျွန်ုပ်တို့အပြစ်အတွက် အသေခံပေးဆပ်ပြီး သူခွင့်လွှတ်ကြောင်း သက်သေအဖြစ် သေခြင်းမှ ထမြောက်ခဲ့သူ (:၁၀)၊ “ကယ်တင်ခြင်းကိုပေးနိုင်သူ” (:၁၂) အကြောင်းကို မဖြစ်မနေကြားသိရရန်လိုအပ်နေသူ မိသားစုဝင်များ၊ လုပ်ဖော်ဆောင်ဖက်များ၊ ကျောင်းနေဖက်များ၊ မိမိအသိအကျွမ်းများ ရှိကောင်းရှိနိုင်သည်။ သခင်ယေရှု၌ရှိသော ကယ်တင်ခြင်းသတင်းကောင်းကို ဆုတောင်းလျက် ရဲရင့်မှုဖြင့် ကျွန်ုပ်တို့ဝေငှသောအခါ သူတို့ကြားကြပါစေ။