ဒေသခံအထက်တန်းကျောင်းတစ်ခု၏ ၂၀၁၉ ခုနှစ် ပညာသင်နှစ်ကျောင်းဆင်းပွဲအခမ်းအနားတွင် ကျောင်းသား ၆၀၈ ဦးသည် ဒီပလိုမာ ဘွဲ့ယူရန် အသင့်ရှိနေသည်။ ကျောင်းအုပ်ကြီးက ကျောင်းသားများအား အာဖဂန်နစ္စတန်၊ ဘိုလီဗီးယား၊ ‌ဘော့စနီးယား စသည်ဖြင့် သူတို့မွေးဖွားရာ နိုင်ငံနာမည်များကို ဖတ်သည့်အခါ မတ်တပ်ရပ်ရန် တောင်းဆိုခြင်းဖြင့် အစပြုခဲ့သည်။ ကျောင်းအုပ်ကြီးက နိုင်ငံပေါင်း ခြောက်ဆယ်၏နာမည်ကို ခေါ်ခဲ့ပြီး ကျောင်းသားတိုင်း မတ်တပ်ရပ်ကာ လက်ခုပ်သြဘာပေးကြသည်။ အထက်တန်းကျောင်းတစ်ခုထဲတွင် နိုင်ငံ ၆၀ မှ ကျောင်းသားများရှိသည်။

မတူညီသော ကွဲပြားမှုများထဲမှ စည်းလုံးခြင်းအလှသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည့် လူများအတူတကွ ညီညွတ်စွာရှိနေခြင်းကို ထင်ဟပ်ပြသနေသော တန်ခိုးပါသောသရုပ်တစ်ခု ဖြစ်သည်။

နှစ်စဥ်ကျင်းပသည့်ပွဲတော်၌ပါဝင်ရန် ယေရုရှလင်မြို့သို့ဝင်လာသည့်လူများ သီဆိုသည့် ဆာလံသီချင်း ၁၃၃ တွင် ဘုရား၏လူများစည်းလုံးမှုရှိရန်အတွက် တိုက်တွန်းချက်ကို တွေ့ရသည်။ ကွဲပြားမှုကို ဖြစ်စေနိုင်သည့် မတူညီမှုများ ရှိလင့် ကစား စိတ်သဘောညီစွာနေထိုင်ခြင်း၏အကျိုးကို ထိုဆာလံသီချင်းက သတိပေးသည် (:၁)။ စည်းလုံးညီညွတ်ခြင်းကို လန်းဆန်းစေသောနှင်းကဲ့သို့လည်းကောင်း၊ ယဇ်ပရောဟိတ်တင်မြှောက်ရာတွင် (ထွ ၂၉:၇) သူ၏ခေါင်းမှလောင်းပြီး မုတ်ဆိတ်၊ လည်စွပ်တိုင်အောင် (:၂) စီးကျသွားသည့် နံ့သာဆီကဲ့သို့လည်းကောင်း ထင်ရှားစွာ ဖော်ကျူးထားသည်။ စည်းလုံးခြင်းတွင် ဘုရားသခင်၏ ကောင်းချီး မြောက်များစွာ သွန်းလောင်းပေးကြောင်း အဖြစ်မှန်ကို ဤဥပမာနှစ်ခုက မီးမှောင်းထိုးပြနေသည်။

သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် နိုင်ငံ၊ လူမျိုး၊ အသက်အရွယ်ကွာခြားမှုများရှိနေပါစေ ဝိညာဥ်တော်၌ သာ၍နက်နဲသောညီညွတ်မှုရှိနေသည် (ဧဖက် ၄:၃)။ သခင်ယေရှုပို့ဆောင်လမ်းပြသည့်အတိုင်း ကျွန်ုပ်တို့အတူရပ်တည်လျက် ထိုဆက်နွယ်မှုကို ခံစားပျော်မွေ့ပါလျှင် ဘုရားပေးထားသည့် မတူညီမှုကို အမှန်တကယ် လက်ခံနိုင်ပြီး စစ်မှန်သောစည်းလုံးမှုကို ခံစားနိုင်မည်ဖြစ်သည်။