သူငယ်ချင်းက ကျွန်မရိုက်ပေးသည့်ဓာတ်ပုံများကိုပြန်ကြည့်ရင်း သူမြင်တွေ့သော အားနည်းချက်များကို ထောက်ပြသည်။ ကျွန်မက သူမကို အနီးကပ်ကြည့်ရန် ပြောလိုက်ပြီး “ဘုရင်တကာတို့ရဲ့ဘုရင်၊ အနန္တတန်ခိုးရှင်ဘုရားရဲ့ လှပပြီး ချစ်စရာကောင်းတဲ့သမီးတစ်ယောက်ကို ငါမြင်တယ်။ သူမမှာရှိတဲ့ စစ်မှန်တဲ့ ကြင်နာမှု၊ ရက်ရောစွာပေးကမ်းမှုနှင့် သစ္စာရှိမှု၊ အခြားသူတွေရဲ့ အသက်တာကို ထူးခြားမှုဖြစ်စေတဲ့ ဘုရားသခင်နှင့် အခြားသူများကိုချစ်တဲ့ သူတစ်ယောက်ကို တွေ့နေရတယ်” ဟု သူ့ကိုပြောလိုက်ပြီးမှ မျက်ရည်ဝိုင်းသောသူ့မျက်ဝန်းလေးကို သတိထားမိသဖြင့် “သရဖူလေးလိုသေးတယ် ထင်တယ်”ဟု ကျွန်မပြောလိုက်သည်။ ထို့နေ့မွန်းလွဲပိုင်းတွင် သူမ၏စစ်မှန်သောဖြစ်တည်မှုကို ဘယ်တော့မှ မေ့မသွားအောင် သူမနှင့်လိုက်ဖက်သည့် အပြစ်ဆိုဖွယ်မရှိသောသရဖူတစ်ခုကို ရွေးချယ်ဝယ်ပေးခဲ့သည်။

သခင်ယေရှုကို ကျွန်မတို့ကိုယ်တိုင်ကိုယ်ကျ သိလာသောအခါ ကျွန်မတို့ကိုသူ၏ချစ်မေတ္တာဖြင့် အုပ်မိုးကာ သူ၏သားသမီးဟု ခေါ်ပါသည် (၁ ယော ၃ :၁)။ “သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် အထံတော်သို့ရောက်လျှင် ရဲရင့်သောအခွင့်ရှိ၍ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်မည် အကြောင်း” (၂:၂၈) ယုံကြည်ခြင်းဖြင့် ခိုင်ခံ့နေရန်အတွက် ဘုရားရှင်သည် ကျွန်မတို့အား တန်ခိုးကို ပေးထားသည်။ ကျွန်မတို့ကို အရှိအတိုင်းလက်ခံခဲ့သော်လည်း သခင်၏ မေတ္တာတော်က ကျွန်မတို့ကိုသန့်ရှင်းစေပြီး သူ၏ပုံသဏ္ဌာန်တော်နှင့် တူလာစေရန် ပြုပြင်ပြောင်းလဲပေးပါသည် (၃:၂-၃)။ ဘုရားရှင်က ကျွန်မတို့သည် သူ့ကိုလိုအပ်ကြောင်း အသိဝင်စေပြီး၊ အပြစ်ဒုစရိုက်ကိုရှောင်ဖယ်စေနိုင်သော တန်ခိုးတော်၌ ဝမ်းမြောက်လျက် (:၇-၉) နောင်တရကာ အပြစ်ကိုဝန်ချရန် ကူမသည်။ စိတ်နှလုံး၌ သမ္မာတရားကို သိုထားပြီး အသက်တာ၌ ဝိညာဥ်တော် ကိန်းဝပ်တည်နေခြင်းအားဖြင့် မဖောက်ပြန်သော နာခံခြင်းနှင့်ချစ်ခြင်းတို့ဖြင့် ဘဝရှင်သန်နိုင်ပြီ ဖြစ်သည် (:၁၀)။

ထိုနေ့က ကျွန်မသူငယ်ချင်းသည် သရဖူ (သို့) အခြားမည်သည့်အဆင်တန်ဆာ ကိုမှ တကယ်မလိုအပ်ခဲ့ပါ။ သို့သော် ကျွန်မတို့သည် ဘုရားရှင်ချစ်သော သားသမီးများဖြစ်ကြောင်း မိမိ၏တန်ဖိုးကို အမှတ်ရစေသော၊ သတိပေးသောအရာ တစ်စုံတစ်ခုကိုဖြင့် ကျွန်မတို့လိုအပ်ပါသည်။