၁၉၆၄ ခုနှစ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား Jack Weinberg (ဂျက်ဝိန်းဘာ့ဂျ်)က “အသက် ၃၀ နဲ့အထက် လူတွေကို မယုံနဲ့” ဟုပြောခဲ့သည်။ သူ့မှတ်ချက်က မျိုးဆက်တစ်ခုလုံးကို တရားသေ အမြင်ကျဥ်းမြောင်းစေကာ နောက်ပိုင်းတွင် ထိုသို့ ပြောမိသည့်အတွက် သူနောင်တရခဲ့သည်။ သူက ပြန်ပြောင်းဆင်ခြင်ရင်း “ရုတ်တရက် အမှတ်တမဲ့ ပြောလိုက်မိတဲ့စကားက လုံးဝကို မှားယွင်းပြီး နားလည်မှုလွဲမှားစေသော အရာတစ်ခုဖြစ်လာခဲ့တယ်” ဟုပြောပါသည်။
ထောင်စုဖွားမျိုးဆက်များကို ရည်ရွယ်သော ချိုးနှိမ်သည့်ဝေဖန်ချက်များ (သို့) အပြန်အလှန်အနေဖြင့် မျိုးဆက်သစ်တို့၏တုံ့ပြန်မှုကို ကြားဖူးပါသလား။ မျိုးဆက်တစ်ခုမှတစ်ခုသို့ ဦးတည်တိုက်ခိုက်နေသော မကောင်းသော အတွေးကြံစည်မှုများသည် နှစ်ဖက်စလုံးကို ထိခိုက်ပျက်စီးစေနိုင်သည်။ ပိုကောင်းသောနည်းလမ်း တစ်ခုခုရှိမည်မှာ သေချာပါသည်။
ထက်မြက်သောမင်းတစ်ပါး ဖြစ်လင့်ကစား ဟေဇကိမင်းသည် နောင်လာမည့် မျိုးဆက်အတွက် ကြောင့်ကြဝန်တာစိတ် စိုးစင်းမျှမရှိခဲ့ပါ။ လူငယ်အရွယ်၌ သူသည် သေနာစွဲကပ်ခဲ့ပြီး (၄ ရာ၂၀:၁)၊ အသက်ချမ်းသာရရန် ဘုရားရှင်ထံအော်ဟစ်ခဲ့ရာ (:၂-၃) ဘုရားရှင်က သူအား နောက် ၁၅ နှစ် အသက်ရှင်ခွင့်ပေးခဲ့သည် (:၆)။
သူ့သားမြေးတို့သည် တစ်ချိန်တွင် ဖမ်းဆီးသိမ်းသွားခြင်း ခံရမည့် သတင်းဆိုးကို ဟေဇကိမင်းကြားသိရချိန်တွင်မူ တော်ဝင်မျက်ရည်များ သိသိသာသာ ပျောက်ကွယ်နေခဲ့သည် (:၁၆-၁၈)။ “ငါ့လက်ထပ်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်း ရှိလျှင် ကောင်းပါသည်မဟုတ်လော” (:၁၉)ဟုသာ တွေးခဲ့သည်။ ဟေဇကိမင်းသည် နောက်လာမည့်မျိုးဆက်အတွက် သူ့အသက်ချမ်းသာရရှိရေး တောင်းလျှောက်ခဲ့သည့် စိတ်ထက်သန်ပြင်းပြမှုမျိုး စေတနာစိတ်ရှိခဲ့ပုံမရပေ။
ခွဲခြားထားသော စည်းကိုကျော်ပြီးမေတ္တာပြရန် ဘုရားသခင် ကျွန်ုပ်တို့အား မိန့်မှာထားသည်။ နှောင်းမျိုးဆက်က ငယ်ရွယ်သူများထံမှ အသစ်သောစိတ်ကူးအတွေးအခေါ်နှင့် တီထွင်ဖန်တီးမှုများ လိုအပ်သလို ထိုလူငယ်တို့သည်လည်း လူကြီးများ၏ ဥာဏ်ပညာနှင့်အတွေ့အကြုံမှလည်း အကျိုးကျေးဇူးရရှိနိုင်ပါသည်။ လှောင်ပြောင်သောဟာသများနှင့် စာတိုစာစများအတွက် အချိန်မရှိ၊ အမြော်အမြင်နှင့်ပြည့်သော စိတ်ကူးစိတ်သန်းများ ဖလှယ်ရန်အတွက်သာ အချိန်ရှိပါသည်။ ကျွန်ုပ်တို့သည် ဤအခြေအနေထဲတွင် အတူတူရှိနေကြပါသည်။