ဒတ်ချ်လူမျိုးတို့၏အိမ်များတွင် တွေ့ရလေ့ရှိသော အပြာရောင်နှင့်အဖြူရောင် အလှဆင်ကြွေပြားများကို Delft (ဒက်) မြို့တွင် မူလပထမပြုလုပ်ခဲ့သည်။ တစ်ခါတစ်ရံ ထိုကြွေပြားများပေါ်တွင် အကျွမ်းတဝင်ရှိလှသော နယ်သာလန်နိုင်ငံ ၏ လှပသော တောတောင်ရေမြေရှုခင်း၊ နေရာအနှံ တွေ့ရလေ့ရှိသော လေရဟတ်များနှင့် အလုပ်လုပ်နေသူ၊ ကစားနေသူများ၏ပုံများကို ရေးဆွဲထားလေ့ရှိသည်။
၁၉ ရာစုနှစ်က Charles Dickens (ချားလ်စ်ဒစ်ကင်း)၏ “A Christmas Carol” (ခရစ်စမတ် နာတာလူးသီချင်း)စာအုပ်တွင် ထိုကြွေပြားများအား ကျမ်းပိုဒ်များ သရုပ်ဖော်ရေးဆွဲရာ၌ အသုံးပြုထားသည်။ ဒတ်ချ်လူမျိုးတစ်ဦး၏လက်ရာ ရှေးဟောင်းမီးလင်းဖိုတွင် “ကာဣနနှင့် အာဗြေလ၊ ဖာရောမင်း၏သမီးတော်များ၊ ရှေဘပြည်မှ မိဖုရားများနှင့် ပင်လယ်ထဲသို့ခရီးနှင်နေသော တမန်တော်ပုံများ”ပါရှိသော တစ်မူထူးခြားသော Delft ကြွေပြားများဖြင့် ဆောက်လုပ်ထားပုံကို ဖော်ပြထားသည်။ အိမ်ထောင်စုများစွာသည် နွေးထွေးသောမီးပုံနားတွင် မိသားစုဝင်များစုရုံးမီးလှုံရင်း ကျမ်းစာထဲမှ ပုံဝတ္ထုများကို ဝေငှလျက် ယင်းကြွေပြားများကို သင်ကြားရေးကိရိယာအဖြစ် အသုံးပြုကြသည်။ ဘုရားသခင်၏သဘောလက္ခဏာများဖြစ်သော တရားမျှတခြင်း၊ သနားခြင်း၊ ကရုဏာတော်အကြောင်းကို သင်ယူခဲ့ကြသည်။
ကျမ်းစာမှ သမ္မာတရားများသည် ယနေ့ထိတိုင် အကြုံးဝင်ဆီလျော်မှု ရှိနေပါသည်။ ဆာလံကျမ်း ၇၈ မှ မိမိ ကြားဖူးသိဖူးပြီးသားဖြစ်သည့် ဘိုးဘေးတို့ လက်ဆင့်ကမ်း ပြောပြခဲ့သောအကြောင်းအရာများ၊ နက်နဲကွယ်ဝှက်လျက်ရှိသောအတိတ်မှသင်ခန်းစာများကို သွန်သင်ပေးရန် တိုက်တွန်းထားသည် (:၂-၃)။ ကျွန်ုပ်တို့သည် “သားမြေးတို့(အား) … ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော် … ပြုတော်မူသော အံ့သြဖွယ်အမှုတို့ကို” ပြောပြရမည်။ သို့မှသာ သူတို့မှတစ်ဆင့် “နောက်တစ်ဖန် မြေးမြစ်တို့အား” ပြောကြားနိုင်မည်ဖြစ်သည် (:၄၊ ၈)။
ဘုရားရှင်နှင့်ထိုက်တန်သော ဂုဏ်ပြုချီးမွမ်းခြင်းကို အပြည့်အဝပေးလျက် နှုတ်ကပတ်သမ္မာတရားကို မျိုးဆက်တိုင်းအား သရုပ်ဖော်ပြောကြားရန် ဘုရားသခင်၏ မစမှုဖြင့် စိတ်ဝင်စားဖွယ် ဆန်းသစ် ထိရောက်သောနည်းလမ်းများကို ရှာဖွေတွေ့ရှိနိုင်ပါသည်။