ပူနွေးစွတ်စိုသော သြဂုတ်လ ၁ ရက်တွင် ကျွန်တော့်ဇနီးသည် ကျွန်တော်တို့၏ ဒုတိယသားကို မွေးဖွားခဲ့သည်။ သားအတွက် နာမည်ရွေးပြီးအတည်ပြုရန် လုပ်နေရင်း သားလေးမှာ ခေါ်စရာနာမည် မရှိဖြစ်နေခဲ့သည်။ ရေခဲမုန့်ဆိုင်ထဲတွင် နာရီပေါင်းများစွာထိုင်၊ ကားအကြာကြီးပတ်မောင်းပြီး စဥ်းစားသော်လည်း မည်သို့နာမည်မှည့်ခေါ်ရမည်ကို မဆုံးဖြတ်နိုင်ခဲ့ပါ။ နောက်ဆုံး Micah (မိက္ခာ)ဟု နာမည်မမှည့်ခင် သုံးရက်လောက်အထိ “Baby Williams”ဟုသာ ရိုးရိုးပင်ခေါ်ဆိုခဲ့သည်။

သင့်လျော်သောနာမည်ရွေးချယ်ခြင်းသည် အနည်းငယ် စိတ်ရှုပ်စရာကောင်း နိုင်သည်။ သင်သာ အရာရာကို ထာဝရပြောင်းလဲစေမည့် သူတစ်ယောက်အတွက် ပြီးပြည့်စုံသည့် နာမည်ပေးခဲ့သူ ဘုရားသခင် ဖြစ်ခဲ့လျှင်တော့ စိတ်မရှုပ်ရတော့ပါ။ ရေဇိန်မင်းအား သူ့ယုံကြည်ခြင်းကိုခိုင်ခံ့စေရန်အတွက် “ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို” (ဟေရှာ ၇:၁၀-၁၁) တောင်းရန် ပရောဖက်ဟေရှာယအားဖြင့် ဘုရားရှင်မိန့်ကြားသည်။ ရေဇိန်မင်းကြီးသည် နိမိတ်လက္ခဏာတောင်းရန် ငြင်းဆန်ခဲ့သော်လည်း ဘုရားသခင်သည် သူ့အား နိမိတ်တစ်ခုပေးခဲ့သည်။ “သတို့သမီးကညာသည် ပဋိသန္ဓေယူ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရလတံ့” (:၁၄)။ ဘုရားသခင်က သူငယ်အတွက်နာမည်မှည့်ထားပြီး ထိုသူငယ်သည် စိတ်ပျက်အားလျော့နေသူများအတွက် မျှော်လင့်ခြင်းနိမိတ်ဖြစ်သည်။ ထိုနာမည်အတည်ဖြစ်ခဲ့ပြီး ရှင်မဿဲက သခင်ယေရှု မွေးဖွားခြင်းအကြောင်းရေးသောအခါတွင် အဓိပ္ပာယ်သစ်ကို ထည့်သွင်းခဲ့သည် (မ ၁:၂၃)။ သခင်ယေရှုသည် “ဧမာနွေလ” ဖြစ်သည်။ ဘုရားသခင်ကို ကိုယ်စားပြုရုံသက်သက်မဟုတ်ဘဲ အပြစ်ကြောင့် မျှော်လင့်ခြင်းပျက်သုဥ်းနေသော သူ့လူများကိုကယ်တင်ရန် လူ့ဇာတိနှင့်ဆင်းကြွလာသောဘုရား ဖြစ်ပါသည်။

ကျွန်ုပ်တို့ကိုပေးခဲ့သည့် ဘုရားရှင်၏နိမိတ်လက္ခဏာမှာ သူ၏သားတော်ဖြစ် သည်။ သားတော်၏နာမည်မှာ ဧမာနွေလ – “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား” ဖြစ်သည်။ ဘုရားရှင်၏ မျက်မှောက်တော်နှင့်မေတ္တာတော်ကို ထင်ဟပ်သော အမည်နာမဖြစ်သည်။ ယနေ့၊ ဧမာ‌နွေလဘုရားကို ဖက်တွယ်ရန်နှင့် ကျွန်ုပ်တို့နှင့်သူအတူရှိကြောင်း သိစေရန် ဘုရားရှင်ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။