ကြက်ပေါင်တစ်ချောင်းကြောင့် Dewberry နှစ်ခြင်းခရစ်ယာန်အသင်းတော်သည် ၁၈၀၀ ပြည့်နှစ်များတွင် ပြိုကွဲခဲ့သည်။ ဇာတ်လမ်းအမျိုးမျိုး ပြောကြသော်လည်း လက်ရှိအသင်းသားတစ်ဦး၏ ပြောပြချက်အရ ဘုရားကျောင်းမိတ်ဆုံစားပွဲတွင် နောက်ဆုံးကျန်သော ကြက်ပေါင်တစ်ချောင်းကို လူနှစ်ဦး လုရာမှစခဲ့သည်။ တစ်ဦးက ဘုရားသခင် သူ့ကို့စားစေချင်သည်ဟုပြောရာ၊ အခြားတစ်ယောက်က ဤကိစ္စကို ဘုရားသခင် အလေးမထားပါ။ သူသာ အမှန်တကယ် ကြက်ပေါင်စားချင်ကြောင်း ပြန်ပြောသည်။ ထိုလူနှစ်ဦးသည် ဒေါသအမျက်ချောင်းချောင်း ထွက်ကာ တစ်ယောက်က တစ်လမ်းတည်းရှိ ၂ ကီလိုမီတာအကွာလောက်တွင် Dewberry အသင်းတော် အမှတ်-၂ ကို အစပြုခဲ့သည်။ အသင်းတော်နှစ်ပါးလုံးသည် သူတို့၏ ကွဲပြားခြားနားမှုများကိုဖြေရှင်းနိုင်ခဲ့ခြင်းက ကျေးဇူးတင်စရာဖြစ်ပြီး သူတို့ကွဲရသည့် အကြောင်းရင်းမှာ အဓိပ္ပာယ်မဲ့ပြီး ရယ်စရာဖြစ်ကြောင်း ပြောစမှတ်တွင်ခဲ့သည်။

၎င်းကို သခင်ယေရှု သဘောတူပါသည်။ သူအသတ်မခံရမီညက “အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်း ဖြစ်စေခြင်းငှာ ဆုတောင်းပါ၏။ သူတို့သည် … တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှာ … ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း … လောကီသားတို့သည် သိ”ပါစေဟု နောက်တော်လိုက်များအတွက် သခင်ဆုတောင်းပေးခဲ့သည် (ယော ၁၇:၂၁-၂၃)။

ရှင်ပေါလုလည်း သဘောတူပါသည်။ ကျွန်ုပ်တို့အား “အချင်းချင်းစိတ် သဘောမခြားမနား တစ်လုံးတစ်ဝတည်း ဖြစ်အံ့သောငှာ ကြိုးစားအားထုတ်ကြ”ရန် တိုက်တွန်းနိုးဆော်ထားသည်။ ကိုယ်တစ်ကိုယ် ဝိညာဥ်တစ်ဝိညာဥ်တည်းရှိပြီး ထိုအရာများကို ခွဲခြား၍မရပါ (ဧ ၄:၃-၄)။
ကျွန်ုပ်တို့၏အပြစ်များကြောင့် ချိုးဖဲ့ခဲ့ရသောခရစ်တော်၏ခန္ဓာကိုယ်အတွက် ငိုကြွေးသော ကျွန်ုပ်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အား ကျွန်ုပ်တို့၏ဒေါသ၊ အတင်းအဖျင်း၊ အခြားသူများကိုအဝင်မခံလိုသော အုပ်စုငယ်များဖြင့် မဖြိုခွဲသင့်ပါ။ အသင်းတော်ပြိုကွဲရသည့် အရှုပ်တော်ပုံ၌ ပါဝင်နေပြီး အပြစ် မကင်းဖြစ်ရခြင်းထက် မိမိအပေါ်အမှားလုပ်ခြင်းခံရမှုက သာ၍ကောင်းပါသည်။ အခြားသူတစ်ဦးကို ကြက်ပေါင်အပြင် မုန့်ပါပေးလိုက်ပါ။