တနင်္ဂနွေနေ့မနက်၌ အတူတကွ ဝတ်ပြုကိုးကွယ်ရန် ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်းအပြည့်နှင့် ဘုရားကျောင်းသို့ ကျွန်ုပ်တို့ရောက်လာခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် နေရာခြားပြီး ခပ်ကွာကွာနေရသော်လည်း ဂါဗင်နှင့် တီဂျာနာ တို့၏မင်္ဂလာပွဲကို ဆင်နွဲရန်အခွင့်ကို ရယူခဲ့ကြသည်။ နည်းပညာပိုင်းတွင် ပါရမီရှိသော အီရန်မိတ်ဆွေများက စပိန်၊ ပိုလန်၊ ဆားဘီးယားနိုင်ငံအပါအဝင် နိုင်ငံအသီးသီး၌ ဖြန့်ကျက်နေထိုင်ကြသော သူငယ်ချင်းများ၊ မိသားစုဝင်များအတွက် မင်္ဂလာအခမ်းအနားကို ထုတ်လွှင့်ပြသပေးကြသည်။ ဆန်းသစ်‌ေသော နည်းပညာ သည် ကန့်သတ်မှုများကို ကျွန်ုပ်တို့ကျော်လွှားနိုင်အောင် ကူညီပေးပြီး လက်ထပ် ထိမ်းမြားခြင်းပဋိညာဥ်ပြုပွဲတွင် ရွှင်လန်းဝမ်းမြောက်ခဲ့ကြရသည်။ ဘုရားသခင်၏ ဝိညာဥ်တော်သည် ကျွန်ုပ်တို့အားလုံးကိုပေါင်းစည်းပေးပြီး ပျော်ရွှင်မှုကိုပေးပါသည်။

အံ့သြဖွယ် နိုင်ငံပေါင်းစုံမှဧည့်ပရိသတ်များ တက်ရောက်နိုင်သော ထိုတနင်္ဂနွေနေ့နံနက်ကား ကောင်းကင်နိုင်ငံတွင် တိုင်းနိုင်ငံများ၊ လူအမျိုးအနွယ်အသီးသီးနှင့် ဘာသာစကားမျိုးစုံပြောသူများ ဘုရားသခင်ရှေ့မှောက်ရပ်ချိန်တွင် ပေါ်ထွန်းမည့်ဘုန်းအသရေ တစ်စိတ်တစ်ဒေသကို ခံစားရစေသည် (ဗျာ ၇:၉)။ သခင်ချစ်သော တပည့်တော်ယောဟန်သည် ကြီးမားသောလူအစုအဝေးနှင့် စပ်လျဥ်း၍ ဖွင့်ပြခံရသည့်ရူပါရုံကို ဗျာဒိတ်ကျမ်းတွင် အရိပ်အမြွက် ဖော်ပြထားသည်။ ချီ‌ဆောင်ခြင်းခံရသူများသည် ကောင်းကင်တမန်များ၊ အသက်ကြီးသူများနှင့်အတူ ဘုရားရှင်ကို အတူတကွ ချီးမွမ်းကိုးကွယ်လျက် “ငါတို့၏ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း ဂုဏ်အသရေ တန်ခိုးသတ္တိရှိတော်မူစေသတည်း” (:၁၂)ဟု ကြွေးကြော်ကြလိမ့်မည်။

ကမ္ဘာအရပ်ရပ်မှသတိုးသမီးနှင့် သခင်ယေရှုတို့၏ ပေါင်းစည်းခြင်းနှင့် “သိုးသူငယ်၏မင်္ဂလာဆောင်ပွဲ” (၁၉:၉)သည် ချီးမွမ်းကိုးကွယ်ခြင်းနှင့် ပွဲခံမည့်အံ့သြဖွယ် အချိန်အခါဖြစ်လိမ့်မည်။ နိုင်ငံများစွာမှလူများနှင့်အတူ တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်း အတွေ့အကြုံသည် တစ်နေ့တွင် ကျွန်ုပ်တို့ ပျော်ရွှင်စွာ ဆင်နွှဲရမည့် ထိုပွဲကို မီးမောင်းထိုးပြနေပါသည်။

ထိုဝမ်းမြောက်ဖွယ်ပွဲကို မျှော်လင့်စောင့်စားရင်း ဘုရားလူများနှင့်အတူ စားပွဲတည်လျက် ပျော်ရွှင်ဖွယ်အစဥ်အလာကို လုပ်ဆောင်နိုင်ပါသည်။