၂၀၁၀ ခုနှစ်၌ အသက် ၉၄ နှစ်အရွယ် George Vujnovich (ဂျော့ချ်ဗူနာဗစ်ချ်)အား ကြေးဝါကြယ်ပွင့်ကို ချီးမြှင့်ခဲ့သည်။ နယူးယောက်တိုင်းမ်စ် သတင်းစာက “ဒုတိယကမ္ဘာစစ်အတွင်း ကယ်ဆယ်ရေးအတွက် စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းမှု” အတွက်ဟု ဖော်ပြခဲ့သည်။ ဗူနာဗစ်ချ်သည် အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်သူ ဆားဘီးယားလူမျိုးတစ်ဉီး၏ သားဖြစ်ပြီး အမေရိကန် စစ်တပ်ထဲ ဝင်ခဲ့သည်။ ယူဂိုဆလားဗီးယား၌ အမေရိကန်လေတပ်မှလေယာဥ်မှူးများ သူပုန်များ၏ဝိုင်းရံ ဖမ်းဆီးခံထားရကြောင်း သတင်းရသောအခါ ဗူနာဗစ်ချ်သည် သူ့မိသားစု၏ဇာတိမြို့သို့ပြန်ကာ ၎င်းတို့ကိုခြေရာခံရန် လေထီးဖြင့် တောထဲခုန်ချခဲ့သည်။ စစ်သားများကို အဖွဲ့ငယ်များစွာ ခွဲကာ သူတို့အား (ဆားဘီးယားလူမျိုးကဲ့သို့ ဝတ်ဆင်၊ စားသောက်ကာ) ဆားဘီးယားတို့နှင့် မည်သို့သဟဇာတဖြစ်အောင် ရောနှောပေါင်းသင်း ရမည်ကို သင်ပေးခဲ့သည်။ လပေါင်းများစွာ ကြာပြီးနောက် လေယာဥ် ဆင်းသက်နိုင်အောင် သူတို့ရှင်းလင်းထားသည့် မြေတလင်းတွင် အသင့်စောင့်ဆိုင်းနေသော C-47 ပို့ဆောင်ရေးလေယာဥ်များဆီသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခေါ်ဆောင်သွားသည်။ ဗူနာဗစ်ချ် သည် ဝမ်းမြောက်ပျော်ရွှင်နေသော အမျိုးသား ၅၁၂ ယောက်ကို ကယ်တင်ခဲ့သည်။

ဒါဝိဒ်သည် ထွက်ပေါက်လုံးဝမရှိဘဲ သူ့ကို ဝိုင်းထားသည့် ရန်သူများလက်မှ ဘုရားသခင်ကယ်တင်ခဲ့ခြင်းကြောင့် ဝမ်းမြောက်မှုကို ဖော်ပြခဲ့သည်။ ထာဝရဘုရား သည် “အထက်အရပ်က လက်တော်ကိုဆန့်၍ တစ်ခဲနက်သောရေထဲက ငါ့ကိုဆယ်ယူတော်မူ၏” (၂ ရာ ၂၂:၁၇)ဟု သူပြောခဲ့သည်။ ရှောလုမင်းသည် မနာလိုစိတ်၊ ဒေါသစိတ်ပြင်းထန်စွာဖြင့် ဒါဝိဒ်ကို ရက်စက်စွာသတ်ဖြတ်ရန် မြေလှန်ရှာခဲ့သော်လည်း ဘုရားသခင်၌ အခြားအကြံအစည်ရှိခဲ့သည်။ “ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသောရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏” (:၁၈)ဟု ဒါဝိဒ်မင်းက အဖြစ်အပျက်ကိုပြန်လည်ပြောပြခဲ့သည်။

ဘုရားသခင်သည် ဒါဝိဒ်ကို ရှောလုလက်မှ ကယ်တင်ခဲ့သည်။ ဣသရေလလူမျိုးကို အဲဂုတ္တုပြည်မှ ကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့အားလုံးကို သခင်ယေရှုအားဖြင့် ကယ်တင်ရန်ကြွလာခဲ့သည်။ သခင်ယေရှုသည် အပြစ်တရား၊ မကောင်းသောအမှုနှင့် သေခြင်းတရားမှ ကျွန်ုပ်တို့ကို ကယ်တင်သည်။ သခင်သည် တန်ခိုးကြီးသော ရန်သူများထက်သာ၍ ကြီးမြတ်တော်မူသည်။