ကျွန်မ၏ငါးနှစ်အရွယ် ကပြားဖြစ်သည့်သားလေးနှင့်အတူ ရေခဲမုန့်ဆိုင်သို့ဝင်သွားရာ၊ ကောင်တာရှိလူက ကျွန်မတို့ကိုကြည့်ပြီး ကျွန်မသားလေးကိုလည်း ငေးစိုက်ကြည့်ရင်း “မင်းက ဘာလဲ”ဟု မေးလိုက်သည်။

သူ၏မေးခွန်းနှင့်ရင့်သီးသောလေသံကြောင့် လူမျိုးရင်းတစ်မျိုးတည်းမဟုတ်ဘဲ အမေရိကန်-မက္ကစီကန် ကပြားအနေဖြင့် ကြီးပြင်း‌ခဲ့ရသည့် ကျွန်မ၏ရင်ထဲမှ မိမိနှင့် မစိမ်းသည့် ဒေါသနှင့်နာကျင်မှုကို ပြန်လည်ဖြစ်ပေါ်စေသည်။ သားလေး Xavier (စေဗီယာ)ကို ကျွန်မအပါးသို့ ဆွဲကပ်လိုက်ပြီး စတိုးဆိုင်ထဲဝင်လာသည့် လူမည်းအမျိုးသား ကျွန်မ၏ခင်ပွန်းကို လှမ်းကြည့်လိုက်သည်။ စတိုးဆိုင်စာရေးက မျက်မှောင်ကြုံ့ရင်း အော်ဒါများကို တိတ်ဆိတ်စွာ ထုပ်ပိုးပေးလိုက်သည်။

သားလေးက သူစားချင်သည့်ရေခဲမုန့်အရသာကို ပြောပြစဥ် ထိုသူအတွက် ကျွန်မစိတ်ထဲမှ ဆုတောင်းပေးနေခဲ့မိသည်။ ကျွန်မ၏ခါးသီးမှုအတွက် နောင်တရပြီး ခွင့်လွှတ်တတ်သည့်စိတ်နှလုံးကိုပေးရန် ဘုရားရှင်ထံ တောင်းခံခဲ့သည်။ အဖြူမဟုတ်သည့် ဖျော့တော့တော့ အသားရောင်ကြောင့် ကျွန်မမှာ နှစ်နှင့်ချီ၍ တူညီသည့်ထိုမေးခွန်း၊ ထိုမျက်စောင်းများ၏ပစ်မှတ်ဖြစ်ခဲ့သည်။ ဘုရားချစ်မြတ်နိုးသည့်ဘုရားသမီးအဖြစ် ကိုယ့်ကိုယ်ကိုယ် မည်သို့ တန်ဖိုးထားရမည်ကို စတင်သင်ယူချိန် မတိုင်မီက မလုံခြုံခြင်း၊ တန်ဖိုးမဲ့ခြင်း ဆိုသည့်ခံစားချက်‌များနှင့် ရုန်းကန်ခဲ့ရသည်။

သခင်ယေရှုကို ယုံကြည်သူများသည် “ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများ” ဖြစ်ကြပြီး တူညီစွာတန်ဖိုးထားခံရလျက် လှပစွာကွဲပြားကြကြောင်း တမန်တော်ရှင်ပေါလုက အခိုင်အမာပြောခဲ့သည်။ ကျွန်မတို့သည် သွယ်ဝှိုက်စွာ ဆက်နွယ်နေပြီး အတူတကွလုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းခြင်းခံရသည် (ဂလာ ၃:၂၆-၂၉)။ ကျွန်မတို့ကို အပြစ်မှကယ်လွှတ်ရန် ဘုရားသခင်သည် သားတော်ကို စေလွှတ်ပြီး၊ ကျွန်မတို့အပြစ်များအတွက် ကားတိုင်ပေါ် သွန်းလောင်း ခဲ့သော သခင့်အသွေးတော်အားဖြင့် ကျွန်မတို့သည် မိသားစုများ ဖြစ်လာကြသည် (၄:၄-၇)။ ဘုရား၏ပုံသဏ္ဌာန်တော်ကို ဆောင်ယူကြသူများအနေဖြင့် ကျွန်မတို့ကို အခြားသူတို့၏အမြင်၊ မျှော်လင့်မှုနှင့် ဘက်လိုက်မှုများအားဖြင့် အကဲဖြတ်၍ မရပါ။

ကျွန်မတို့က ဘာတွေလဲ။ ကျွန်မတို့သည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြပါသည်။