ကြီးမားသည့် အာဖရိကဘုရားကျောင်းတစ်ခု၌ သင်းအုပ်ဆရာသည် ဒူးထောက်ပြီး “ကျွန်ုပ်တို့ကိုအောက်မေ့တော်မူပါ”ဟု ဆုတောင်းသည်။ သင်းအုပ်ဆရာ၏ ဆုတောင်းချက်အပေါ် အသင်းသားများကလည်း “ကျွန်ုပ်တို့ကို အောက်မေ့တော်မူပါဘုရား”ဟု ငိုယိုတုံ့ပြန်ခဲ့ကြသည်။ YouTubeမှ ဤအဖြစ်အပျက်ကိုကြည့်ရင်း ကျွန်မအံဩလွန်း၍ မျက်ရည်ကျခဲ့ရသည်။ လွန်ခဲ့သည့်လအနည်းငယ်က ရိုက်ကူးထားသော ဗီဒီယိုဖြစ်သော်လည်း ကလေးဘဝအချိန်က ကြားခဲ့သည့် “ကျွန်ုပ်တို့ကို သတိရတော်မူပါဘုရား” ဟူသည့် ကျွန်မတို့၏မိသားစုသင်းအုပ်ဆရာ တောင်းလျှောက်ခဲ့သည့် ဆုတောင်းသံကို ပြန်လည်သတိရမိသည်။

ကလေးတစ်ဦးအနေနှင့် ထိုဆုတောင်းချက်ကို ကြားသည့်အခါ ဘုရားသခင် က ကျွန်မတို့ကို တစ်ခါတစ်ရံမေ့သွားသည်ဟု အထင်မှားယူဆခဲ့မိသည်။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို သိသည် (ဆာ ၁၄၇:၅၊ ၁ ယော ၃:၂၀)။ ကျွန်မတို့ကို သူအမြဲတမ်းမြင်သည် (ဆာ ၃၃:၁၃-၁၅)။ ကျွန်မတို့ကို အတိုင်းဆမရှိ ချစ်မြတ်နိုးသည် (ဧ ၃:၁၇-၁၉)။

ထို့အပြင် “သတိရသည်”ဟု အဓိပ္ပာယ်ရသည့် ဟေဗြဲစကားလုံး Zakar ၌ ဘုရားသခင် ကျွန်မတို့ကို အောက်မေ့သည့်အခါ ကျွန်မတို့အတွက် သူအမှုပြုပေးကြောင်း တွေ့ရသည်။ Zakar သည် တစ်စုံတစ်ဦးကိုယ်စား လုပ်ဆောင်ပေးသည် ဟုလည်း အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဘုရားသခင်သည် နောဧနှင့် သူနှင့်အတူ သင်္ဘောထဲ၌ရှိသည့်တိရစ္ဆာန်တို့ကို အောက်မေ့သည့်အခါ “မြေကြီးပေါ်မှာ လေလာစေတော်မူသဖြင့် ရေငြိမ်”စေခဲ့သည် (က ၈:၁)။ ဘုရားသခင်သည် မြုံနေသည့် ရာခေလကို အောက်မေ့သည့်အခါ “သူ၏စကားကို နားထောင်၍ သားဖွားသောအခွင့်ကို ပေးတော်မူသဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကို ဖွားမြင်”လေ၏ (၃၀:၂၂-၂၃)။

ကျွန်မတို့ကို အောက်မေ့ရန် ဘုရားထံဆုတောင်းခြင်းသည် မည်မျှကောင်း မြတ်သည့် ကိုးစားမှုဖြစ်ပါသနည်း။ မည်သို့အဖြေပေးမည်ကို ဘုရားရှင်ကိုယ်တိုင်ဆုံးဖြတ်ပါလိမ့်မည်။ ကျွန်မတို့၏နှိမ့်ချသောတောင်းဆိုချက်က ဘုရားသခင်ကိုလှုပ်ရှားစေကြောင်း သိလျက် ကျွန်မတို့ ဆုတောင်းနိုင်ပါသည်။