ထိုင်းနိုင်ငံမြောက်ပိုင်း၌ “The Gathering” (စုဝေးခြင်း) အသင်းတော်သည် နိုင်ငံတကာ ဂိုဏ်းပေါင်းစုံ အသင်းတော်ဖြစ်သည်။ မကြာသေးသည့် တနင်္ဂနွေနေ့တစ်နေ့က ကိုရီးယား၊ ဂါနာ၊ ပါကစ္စတန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများမှ ခရစ်တော်ကိုယုံကြည်သူများသည် မခမ်းနားသည့် ဟိုတယ်အစည်းဝေးခန်းမသို့ စုရုံးရောက်ရှိလာကြသည်။ ၎င်းတို့ သီဆိုသည့် “In Christ Alone” (ခရစ်တော်၌သာ)နှင့် “I Am a Child of God” (ကျွန်ုပ်သည် ဘုရားသားဖြစ်၏) စသောသီချင်းများ၏ သီချင်းစာသားများက ထိုအနေအထားကို အထူးသဖြင့် ထိမိပေါ်လွင်စေသည်။

ရှင်ယေရှုပြုသကဲ့သို့ မည်သူကမှ လူများကို အတူတကွ မစုရုံးနိုင်ပါ။ ကိုယ်တော်သည် ထိုအမှုကို အစကနဉီးကတည်းကပင် လုပ်ဆောင်နေသည်။ ပထမရာစုနှစ်က အန္တိအုတ်မြို့သည် မိမိတို့ကိုယ်ပိုင်နေရာအသီးသီး၌ နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစု ၁၈ စု နေထိုင်သည့်မြို့ဖြစ်သည်။ ယုံကြည်သူများသည် အန္တိအုတ်မြို့သို့ရောက်စက “ယုဒလူတို့အားသာ” (တ ၁၁:၁၉) ခရစ်တော် အကြောင်း ဖြန့်ဝေပြောကြားကြသည်။ သို့သော် ၎င်းသည် အသင်းတော်အတွက် ဘုရားသခင်၏အကြံအစည် မဟုတ်ပေ။ များမကြာမီ “သခင်ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလနစ်လူ(တစ်ပါးအမျိုးသား)တို့အား ဟော ပြော”သည့် အခြားသူများ ရောက်လာပြီး “လူအပေါင်းတို့သည် ယုံကြည်၍ သခင် ဘုရားထံသို့ ပြောင်းလဲကြ၏” (:၂၀-၂၁)။ ယုဒလူမျိုးနှင့် ဟေလသလူတို့ကြား ရာစုနှစ်များစွာတည်ရှိခဲ့သော မလိုမုန်းတီးမှုကို ရှင်ယေရှု ကုစားပေးကြောင်း မြို့ထဲရှိလူများက သတိထားမိပြီး ဤလူမျိုးပေါင်းစုံလူအစုကို “ခရစ်ယာန်” (သို့) “ခရစ်တော်လေးများ” (:၂၆) ဟု ခေါ်ဝေါ်ရန် ကြေညာလိုက်သည်။

လူမျိုးရေး၊ လူမှုရေး၊ စီးပွားရေး အပိုင်းအခြားများကို ကျော်လွန်ပြီး မိမိနှင့် မတူညီကွဲပြားသူများကို လက်ခံရန်မှာ ကျွန်ုပ်တို့အတွက် စိန်ခေါ်မှုဖြစ်နိုင်သည်။ သို့သော် ဤအခက်အခဲသည် ကျွန်ုပ်တို့၏အခွင့်အရေးဖြစ်သည်။ အခက်အခဲမရှိဆိုပါက ၎င်းကိုလုပ်ဆောင်ရန် ရှင်ယေရှုကို ကျွန်ုပ်တို့မလို၊ ထိုသခင်နောက် ကျွန်ုပ်တို့ လိုက်လျှောက်ကြောင်းကိုလည်း လူအနည်းစုသာသိကြပေလိမ့်မည်။