ဂျွန်၏အအေးမိခြင်းက အဆုတ်ရောင်ရောဂါအဖြစ် ပိုဆိုးသွား၍ သူဆေးရုံတက်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့မိခင်မှာလည်း အပေါ်ထပ်အဆောင်၌ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေသည်။ ဂျွန်သည် သူ့မိခင်အတွက်ရော၊ သူ့ကျမ်းမာရေးအတွက်ရော အလွန်စိတ်ပူလျက် သောကရောက်ခဲ့ရသည်။ ထို့နောက် ခရစ်စမတ်အကြိုနေ့တွင် ရေဒီယိုမှထုတ်လွှင့်သော “အို သန့်ရှင်းည” ခရစ်စမတ်တေးကို ဂျွန်ကြားခဲ့ပြီး ဘုရားရှင်၏နက်နဲသောငြိမ်သက်ခြင်းက သူ့ကိုလွှမ်းမိုးသွားသည်။ “မင်္ဂလာရှိသော နေ့သစ်တစ်နေ့ ‌ရောက်လာတော့မည်။ ရင်ဖိုဖွယ်မျှော်လင့်ခြင်း၌ နွမ်းနယ်ဝိညာဥ် ဝမ်းမြောက်ခဲ့” ဟူသည့် ချစ်တော်မူသော ကယ်တင်ရှင် မွေးဖွားသောညအကြောင်း သီချင်းစာသားများကို သူနားထောင်ခဲ့သည်။ ထိုအခိုက်အတန့်လေး၌ သူနှင့်သူ့အမေအတွက် ပူပန်မှုများ ပျောက်သွားတော့သည်။

ကျွန်ုပ်တို့အတွက် ဖွားမြင်ခဲ့သည့် “ချစ်တော်မူသောကယ်တင်ရှင်” သခင်ယေရှုသည် ယေရှာယ ပရောဖက်ပြုထားသကဲ့သို့ “ငြိမ်သက်ခြင်းအရှင်” ဖြစ်တော်မူ၏ (ဟေရှာ ၉:၆)။ ရှင်ယေရှုသည် သူငယ်အဖြစ် လောကသို့ ကြွဆင်းလာပြီး “သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့”ထံသို့ (မ ၄:၁၆၊ ဟေရှာ ၉:၂) အလင်းနှင့်ကယ်တင်ခြင်းကို ဆောင်ယူလာချိန်တွင် ဤပရောဖက်ပြုချက်ကို ကိုယ်တော် ပြည့်စုံစေခြင်းဖြစ်သည်။ သူချစ်သောသူများအား ၎င်းတို့ အခက်အခဲနှင့်သေခြင်းကို ရင်ဆိုင်ရသည့်တိုင် ကိုယ်တော်သည် သူတို့ကို ငြိမ်သက်ခြင်း ပေးသနားတော်မူ၏။

ဆေးရုံ၌ရှိနေစဉ် ဂျွန်သည် ရှင်ယေရှု၏ဖွားမြင်တော်မူခြင်းကို ဆင်ခြင်ရင်း လူ့ဉာဏ်နှင့် နားမလည်နိုင်သော ငြိမ်သက်ခြင်းကို တွေ့ကြုံခံစားခဲ့ရသည် (ဖိ ၄:၇)။ ခရစ်စမတ်အချိန် သူ့မိသားစုနှင့် အလှမ်းဝေးချိန်၊ ပိုးသတ်ထားသောအခန်းထဲ လှဲလျောင်းရင်း ဤသို့ဘုရားသခင်နှင့် ဆုံစည်းရခြင်းက သူ၏ယုံကြည်ခြင်းနှင့် ကျေးဇူးသိစိတ်ကို ပိုမိုခိုင်ခံ့စေခဲ့သည်။ ငြိမ်သက်ခြင်းနှင့် မျှော်လင့်ခြင်းတည်းဟူသော ဘုရားသခင်၏လက်ဆောင်ကို ကျွန်ုပ်တို့လည်း ရရှိကြပါစေ။