အမေရိကန်ပြည်ထောင်စု ရွှေအလုအယက်ရှာကြချိန်အတွင်း ရွှေရှာသူ Edward Jackson (အက်ဒွပ် ဂျက်ဆင်)သည် ကယ်လီဖိုးနီးယားပြည်နယ်သို့ ခရီးပြုလေရာ၊ ရောဂါဘယ၊ သေကြေပျက်စီးမှုအပြည့်နှင့် မြင်းလှည်းခရီးနှင်ခဲ့ရပုံကို ၁၈၄၉ ခုနှစ်၊ မေလ ၂၀ ရက် ဒိုင်ယာရီ၌ ရေးသားညည်းတွားခဲ့သည်။ “အို ကျွန်ုပ်ရဲ့အရိုးတွေကို ဒီမှာ မထားခဲ့ပါနဲ့၊ ဖြစ်နိုင်ရင် အိမ်မှာပဲပြန်မြှုပ်ပေးပါ”ဟု ရေးသားခဲ့သည်။ နောက်ထပ် ရွှေရှာသူ John Walker (ဂျွန် ဝေါ့ကာ)က “ဒါဟာ သင်စိတ်ကူးမြင်ယောင်ကြည့်နိုင်တဲ့ ထီပေါက်စဉ်ပဲ။ အခြားသူတွေကို လာဖို့ အကြံမပေးဘူး”ဟု ရေးသားခဲ့သည်။
အမှန်စင်စစ် ဝေါ့ကာသည် အိမ်ပြန်လာပြီး လယ်နှင့် နွားခြံလုပ်ငန်း၊ ပြည်နယ်တွင်းနိုင်ငံရေးစသည်တို့လုပ်ကိုင်ပြီး အောင်မြင်မှုရခဲ့သည်။ သူ့မိသားစုဝင် တစ်ဦးက အမေရိကန် ရုပ်မြင်သံကြားအစီအစဉ် “Antiques Roadshow” (ရှေးဟောင်း ပစ္စည်း အစီအစဥ်)သို့ ဝေါ့ကာ၏ ဝါကျင့်ကျင့်စာများကို ယူဆောင်ခဲ့ရာ ၎င်းတို့ကို ဒေါ်လာထောင်ချီ တန်ဖိုးဖြတ်ခဲ့သည်။ ရုပ်သံတင်ဆက်သူက “ရွှေအလုအယက်
ရှာရာကနေ တန်ဖိုးရှိတာတွေ သူရလိုက်တယ်။ ပေးစာတွေပေါ့”ဟု ပြောခဲ့သည်။
ထို့မျှမက ဝေါ့ကာနှင့် ဂျက်ဆင်တို့နှစ်ဦးလုံးသည် ပို၍လက်တွေ့ကျသော ဘဝကို ရှင်သန်စေသည့် အသိဉာဏ်ပညာများရရှိပြီးနောက် အိမ်ပြန်လာခဲ့ကြသည်။ ပညာနှင့်ဆိုင်သည့် ရှောလမုန်မင်း၏သုတ္တံစကားများကို ဆင်ခြင်ပါ။ “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏။… ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင် ကိုရပြီ” (သု ၃:၁၃၊ ၁၈)။ ပညာရှိသောရွေးချယ်မှုသည် “ငွေ ကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ … ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ ကောင်း၏” (:၁၄)။ ပညာကို ရှာခြင်းသည် နှစ်သက်ဖွယ်သမျှသော လောကအရာတို့ထက်သာ၍တန်ဖိုးရှိသည် (:၁၅)။
“သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ … ရှိ၏။ ပညာလမ်းခရီး ရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏” (:၁၆-၁၇)။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ စိန်ခေါ်မှုမှာ မက်မောစရာကောင်းသည့် အရာများကိုမဟုတ်ဘဲ၊ ပညာကိုစွဲမြဲစွာ ဆုပ်ကိုင်ရမည်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ ကောင်းချီးစီးဆင်းမည့်လမ်းဖြစ်သည်။