“ခရစ်စမတ်ပြီးသွားပြီလို့ ကျွန်မ မယုံနိုင်ဘူး”ဟု မရွှင်မပျဖြစ်နေသော သမီးက ဆိုသည်။ သူမည်သို့ခံစားရသည်ကို ကျွန်ုပ်သိသည်။ ခရစ်စမတ်၏နောက်ဆက်တွဲ ကြောင့် စိတ်မသာမယာခံစားရနိုင်သည်။ လက်ဆောင်များကို ဖွင့်ဖောက်ပြီး၊ ခရစ်စမတ်သစ်ပင်နှင့် မီးလုံးများကို ဖြုတ်သိမ်းပြီးဖြစ်သည်။ အင်အားမဲ့သောခံစားချက်ဖြင့် ဇန်နဝါရီလထဲဝင်လာပြီး အားလပ်ရက်အတွင်း တိုးလာသည့် ကိုယ်အလေးချိန်ကို လျော့ရန်အ‌ရေးက စောင့်ကြိုနေ၏။ ခရစ်စမတ်အချိန်အခါအတွက် ရင်မောစရာ၊ ပြင်ဆင်စရာများသည် အဝေးကြီးလိုသေးသည်ဟု ခံစားရသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ခရစ်စမတ်ပစ္စည်းများကို ပြန်လည် သိမ်းဆည်းစဉ်က ‘ပြက္ခဒိန်ကို ဘယ်လိုကြည့်ကြည့် နောက်နှစ်ခရစ်စမတ်ရောက်ဖို့ တစ်ရက် ပိုနီးလာကြောင်း’ ကျွန်ုပ်သိသည်။ ၎င်းကို ကျွန်ုပ် မကြာခဏပြောတတ်လေ့ရှိသည်။

သို့သော် တစ်ခဏတာ ခရစ်စမတ်ပွဲ ဆင်နွဲခြင်းထက် လောကသို့ ရှင်ယေရှု ကယ်တင်ခြင်းကို ဆောင်ယူလာခြင်းနှင့် ကိုယ်တော်၏ပြန်အလာကို ကျွန်ုပ်တို့စောင့်စား မျှော်လင့်ခြင်းဟူသည့် စစ်မှန်သည့် ဝိညာဉ်ရေးရာက ပို၍အရေးကြီးသည်။ ခရစ်တော် ဒုတိယအကြိမ်ပြန်ကြွလာခြင်းအား စောင့်ကြည့်နေခြင်း၊ စောင့်ဆိုင်းခြင်း၊ မျှော်လင့်ခြင်းအကြောင်းကို နှုတ်ကပတ်တော်က ထပ်ခါတလဲလဲ ပြောထားသည်။ ဖိလိပ္ပိသြဝါဒစာ ၃:၁၅-၂၁ တွင် ရှင်ပေါလုပြောထားချက်ကို ကျွန်ုပ်နှစ်သက်သည်။ “လောကီအရာတို့ကိုသာ စိတ်စွဲလမ်း”သည့် (:၁၉) လောကသားတို့၏ အသက်ရှင်ပုံနှင့် ရှင်ယေရှုပြန်ကြွလာခြင်းအား မျှော်လင့်ခြင်း၏ ပုံသွင်းမှုခံရလျက် အသက်ရှင်ပုံတို့ကို သူယှဉ်ပြထားသည်။ “ငါတို့ကျင့်သောအကျင့်မူကား ကောင်းကင်ဘုံနှင့်စပ်ဆိုင် လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှပြန်ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏” (:၂၀)။

ကျွန်ုပ်တို့၏ “ကောင်းကင်နိုင်ငံသားဖြစ်ခြင်း” အဖြစ်မှန်က ကျွန်ုပ်တို့ မျှော်လင့်သောအရာနှင့် ကျွန်ုပ်တို့၏အသက်ရှင်ခြင်းတို့အပါအဝင် အရာ အားလုံးကို ပြောင်းလဲလိုက်သည်။ နေ့ရက်တို့ ကုန်လွန်သွားတိုင်း ရှင်ယေရှု ပြန်ကြွလာမည့်နေ့ရက်နှင့် တစ်ရက်ပိုနီးလာကြောင်း ကျွန်ုပ်တို့သိမှတ်ခြင်းက ထိုမျှော်လင့်ခြင်းကို ခိုင်မာစေပါ၏။