Michellan (မီရှဲလန်)သည် ဖိလစ်ပိုင်တွင် ကြီးပြင်းလာခဲ့စဥ် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း သူမသည် စကားလုံးဝေါဟာရများကို အမြဲနှစ်သက်ခဲ့ပြီး ၎င်းမှနှစ်သိမ့်မှုများ ရရှိခဲ့သည်။ တက္ကသိုလ်တက်နေစဥ် တစ်နေ့တွင် သူမသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း ပထမအခန်းကြီးကို ဖတ်ပြီး သူမ၏ ကျောက်နှလုံးသားသည် လှုပ်ခတ်ခြင်းခံလိုက်ရသည်။ တစ်စုံတစ်ယောက်က “ဟုတ်ပြီ၊ မင်းစကားလုံးတွေကို နှစ်သက်တယ်။ ထာဝရကာလတိုင်တည်တဲ့ စကားတော်ရှိတယ်။ ယခုနှင့် ကာလအစဥ်အဆက် အမှောင်ကို ခွင်းနိုင်စွမ်းရှိတဲ့ နှုတ်ကပတ်တော်၊ လူ့ဇာတိခံတဲ့ နှုတ်ကပတ်တော်၊ သင့်ကိုပြန်ချစ်နိုင်တဲ့ နှုတ်ကပတ်တော်လေ”ဟု သူမကိုပြောနေသကဲ့သို့ပင် ခံစားခဲ့ရသည်။
ရှင်ယောဟန်ခရစ်ဝင်ကို ဖတ်ရှုသူများအား ကမ္ဘာဦးကျမ်းအစတွင် တွေ့ရသည့် “အစအဦး၌” (က ၁:၁)ကို သတိရစေသောစကားများဖြင့် အစပြုထားသည့်ခရစ်ဝင်ကျမ်းကို သူမဖတ်ရှုနေခြင်းဖြစ်သည်။ ရှင်ယောဟန်က အစအဦး၌ သခင်ယေရှုသည် ဘုရားသခင်နှင့်အတူရှိသည်သာမက ဘုရားသခင်ဖြစ်တော်မူကြောင်းကို ထုတ်ဖော်ပြရန် ရှာကြံခြင်းဖြစ်ပါသည် (ယော ၁:၁)။ ဤအသက်ရှင်သော နှုတ်ကပတ်တော်သည် လူဇာတိအဖြစ်ကိုခံယူပြီး “(ကျွန်ုပ်တို့အထဲတွင်)တည်နေ”ပါသည် (:၁၄)။ ထို့ပြင် ထိုသခင်ကိုလက်ခံသောသူ၊ သူ့နာမကို ယုံကြည်သောသူတို့သည် ဘုရားသားသမီးဖြစ်လာကြပါမည် (:၁၂)။
မီရှဲလန်သည် ထိုနေ့၌ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကို လက်ခံရရှိခဲ့ပြီး ဘုရားသခင်ဖြစ်ပွားစေတော်မူသောသား ဖြစ်ခဲ့သည် (:၁၃)။ သူမမိသားစု၏ မိရိုးဖလာစွဲလမ်းမှုမှ သူမကိုကယ်တင်ပေးသည့်အတွက် ဘုရားရှင်အားကျေးဇူးတင်ပြီး ယခုအခါ အသက်ရှင်သောနှုတ်ကပတ်တော်နှင့် ပတ်သက်၍ ဝမ်းမြောက်စွာ ဝေမျှလျက် သခင်ယေရှု၏သတင်းကောင်းကို ရေးသားနေပါသည်။
ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်သူများဖြစ်ပါက ဘုရားရှင်၏သတင်း စကားနှင့် သူ့မေတ္တာတော်အကြောင်းကို ကျွန်ုပ်တို့လည်း မျှဝေနိုင်ပါသည်။ ၂၀၂၂ ခုနှစ်ကို အစပြုကြရာတွင် ကျေးဇူးတော်နှင့်ပြည့်သော မည်သည့် စကားလုံးများကို ဤတစ်နှစ်ပတ်လုံး ကျွန်ုပ်တို့ပြောဆိုနိုင်ကြမည်နည်း။