Bryony (ဘရိင်ယန်နီ) အသက်သုံးဆယ်ရှိချိန်၌ သူဘယ်တုန်းကမှမကြိုက်ခဲ့သည့် အရောင်းဝန်ထမ်းဘဝ၌ ဆက်လက်ရှိနေသောကြောင့် ဝမ်းနည်းနေမိသည်။ သူမသည် အချိန်ဆွဲနေခြင်းကိုရပ်ပြီး အသက်မွေးဝမ်းကြောင်းအသစ်တခုကို ရှာတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒေးဗစ် က နှစ်သစ်ကူးအကြိုည၌ မိမိကိုယ်ကို မှန်ထဲကြည့်ပြီး လာမည့်နှစ်သည် ကိုယ်အလေးချိန်ကျရမည့်နှစ်ဖြစ်သည်ဟု သန္နိဌာန် ချလိုက်သည်။ ဂျိမ်းစ်အတွက်မူ သူ၏ဒေါသပေါက်ကွဲမှုများ မလျော့သွားဘဲ လတစ်လသာ ကုန်ဆုံးသွားရာ၊ နောက်လတွင် သည့်ထက်ပိုပြီး ကြိုးစားမည်ဟု သူ့ကိုယ်သူ ကတိပေးလိုက်သည်။

လ၏အစ၊ နှစ်၏အစနှင့် အရေးပါသောမွေးနေ့များတွင် ပြောင်းလဲမှုဖြစ်စေရေးအတွက် ကတိပြုဖူးလျှင် သင်တစ်ယောက်တည်း မဟုတ်ပါ။ သုတေသီများက ၎င်းကို “ထိရောက်မှုရှိသော အသစ်တဖန်အစပြုခြင်း” ဟုပင် အမည်ပေးထားပြီး၊ ပြက္ခဒိန်မှအမှတ်အသားများသည် မိမိဘဝကိုအကဲဖြတ်မှုအတွက် ပိုမို လွယ်ကူစေပြီး ကျရှုံးမှုများကို ချန်ရစ်ကာ အသစ်တဖန်အစပြုရန် ကြိုးစားစေကြောင်း ဆိုသည်။ ပိုကောင်းသောသူ ဖြစ်ချင်သောကြောင့် အသစ်သောအစပြုမှုတစ်ခုကို ကျွန်ုပ်တို့တောင့်တတတ်ကြသည်။

သခင်ယေရှု၌ယုံကြည်ခြင်းက ဤတောင့်တမှုသည် ကျွန်ုပ်တို့အား မိမိကိုယ်ကို အကောင်းဆုံးသောသူဖြစ်စေကြောင်းကို ခိုင်မာစွာပြောထားပြီး (ကော ၃:၁၂-၁၄) အတိတ်မှလူဟောင်းကို ချန်ရစ်စွန့်ခွာလိုက်ရန်လည်း ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည် (:၅-၉)။ ၎င်းသည် ဆုံးဖြတ်ချက်နှင့် ကတိကဝတ်များကြောင့်‌သာ ပြောင်းလဲသွားခြင်းမဟုတ်ဘဲ ဘုရားသခင်၏တန်ခိုးတော်ကြောင့် ဤပြောင်းလဲမှုဖြစ်လာပါသည်။ သခင်ယေရှုကို ကျွန်ုပ်တို့ယုံကြည်သောအခါ ကျွန်ုပ်တို့သည် လူသစ်ဖြစ်လာပြီး ဘုရားသခင်၏ဝိညာဥ်တော်သည် ကျွန်ုပ်တို့စုံလင်စေရေးအတွက် ကျွန်ုပ်တို့အထဲတွင် အလုပ်လုပ်နေပါသည် (:၁၀၊ တိတု ၃:၅)။

သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းသည် အကောင်းဆုံးသော အသစ်တစ်ဖန် အစပြုမှုဖြစ်သည်။ ပြက္ခဒိန်ပေါ်မှ နေ့ထူးနေ့မြတ်ကိုလည်းစောင့်စားရန်မလို။ အသက်တာသစ်ကို ယခုပင် အစပြုနိုင်ပါပြီ။