အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Silver Lake (ငွေရောင်ရေကန်)၏ မြောက်ဘက်ကမ်းခြေတစ်လျှောက်ရှိ မြင့်မားသောသဲခုံများကြောင့် အနီးဝန်းကျင်ရှိအိမ်များမှာ ရွေ့လျားသောသဲထဲသို့ နစ်မြှုပ်မည့်အန္တရာယ်နှင့် ကြုံခဲ့ရသည်။ နေထိုင်သူများက သူတို့အိမ်ကိုကာကွယ်ရန် သဲမြေများကို အားတက်အားသရော ကြိုးစားရွှေ့ကြသော်လည်း အိမ်ကောင်းများ သူတို့မျက်စိရှေ့တင် နစ်မြုပ်သွားသည်ကို ကူညီရာမဲ့စွာ ကြည့်နေခဲ့ရသည်။ ငြိမ်ဝပ်ပိပြားရေးအရာရှိတစ်ဦးက မကြာမီက ပျက်စီးသွားခဲ့သောအိမ်တစ်လုံးအား ရှင်းလင်းမှုကို ကြီးကြပ်ရင်း ထိုအန္တရာယ်ကိုကာကွယ်ရန် မဖြစ်နိုင်ကြောင်း အတည်ပြုခဲ့သည်။ အိမ်ပိုင်ရှင်များအနေဖြင့် မခိုင်ခံ့သော မြေသားနံရံ၏အန္တရာယ်ကို မည်သို့ပင် ရှောင်ရှားနေပါစေ၊ ထိုသဲခုံများက ခိုင်ခံ့သောအခြေခံအုတ်မြစ် အထောက်အပံ့ကို လုံးဝမပေးနိုင်ပါ။

သဲပေါ်အိမ်ဆောက်ခြင်းသည် အချည်းအနှီးသာဖြစ်ကြောင်း ရှင်ယေရှု သိသည်။ တပည့်တော်များအား မှားယွင်းသောပရောဖက်များကို မယုံကြည်ရန် သတိပေးပြီးနောက်၊ မေတ္တာနှင့်နာခံခြင်းသည် ပညာရှိမှုကို ပြသနေကြောင်း သူတို့အား ရှင်ယေရှု အခိုင်အမာပြောခဲ့သည် (မ ၇:၁၅-၂၃)။ “အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့်တူကြောင်း” (:၂၄)၊ “ငါပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သောလူမိုက်နှင့်တူကြောင်း” (:၂၆) ရှင်ယေရှု မိန့်ကြားခဲ့သည်။

အလွယ်တကူ ရွေ့တတ်သောသဲများကဲ့သို့ အခြေအနေများက နာကျင်ဝေဒနာနှင့် စိုးရိမ်ကြောင့်ကြမှု ဝန်ထုပ်ဝန်ပိုးများအောက်တွင် နစ်မြှုပ်စေသည်ဟု ခံစားရသောအခါ ကျွန်ုပ်တို့၏ကျောက်ဖြစ်သော ခရစ်တော်၌ မျှော်လင့်ခြင်းကို ထားရှိနိုင်ပါသည်။ ခရစ်တော်၏မပြောင်းလဲသော ဂုဏ်တော်သဘောတော်၌ အခြေခံသည့် မယိမ်းမယိုင် ခိုင်မာသောအုတ်မြစ်အပေါ်တွင် တည်ဆောက်သော မရွေ့သောယုံကြည်ခြင်း ကြီးထွားရှင်သန်ရန်အတွက် ကျွန်ုပ်တို့ကို ဘုရားရှင် ကူမတော်မူပါလိမ့်မည်။