ကြော်ငြာဆိုင်းဘုတ်မှ “လွတ်မြောက်ခြင်း”ဟု ရေပူကန်တပ်ဆင်ခြင်း၏ အကျိုး ကျေးဇူးများကို ကြေညာသည်။ ၎င်းက ကျွန်တော့်အာရုံကိုဖမ်းစားလျက် အတွေးဝင်စေသည်။ တစ်နေ့နေ့တွင် ရေပူရေချိုးကန်ဝယ်မည်ဟု ကျွန်တော်တို့ဇနီးမောင်နှံ ပြောဖြစ်သည်။ ခြံအနောက်၌ ကန်ကို ဆင်လိုက်လျှင် အပန်းဖြေရသလိုမျိုး ဖြစ်နေမည်။ သန့်ရှင်းရေးပြန်လုပ်ရခြင်းကလွဲလို့ပေါ့။ ထို့နောက် တက်လာမည့်လျှပ်စစ်မီတာခက အတွေးထဲဝင်လာပြီး၊ ချက်ခြင်းဆိုသလို မျှော်လင့်ထားသည့် လွတ်‌မြောက်ခြင်း ခံစားချက်ထက် ထိုအရာမှလွတ်မြောက်ရန် လိုအပ်သကဲ့သို့ ဖြစ်လာခဲ့သည်။

သို့သော် ထိုစကားလုံးသည် ထိရောက်မှုရှိလှသည်။ အကြောင်းမှာ ကျွန်ုပ်တို့လိုချင်နေသည့် စိတ်သက်သာမှု၊ သက်သောင့် သက်သာရှိမှု၊ လုံခြုံမှုတို့ကို ရစေရမည်ဟု ကတိပေးနေ၍ ဖြစ်သည်။ ‘လွတ်မြောက်ခြင်း’ဆိုသည်မှာ ကျွန်ုပ်တို့၏ခေတ်ယဉ်ကျေးမှုက နည်းအမျိုးမျိုးနှင့် ကျွန်ုပ်တို့ကို ဖြားယောင်း ကျီစယ်နေသည့်အရာဖြစ်သည်။ အနားယူခြင်း (သို့) လှပသည့် တစ်နေရာရာသို့ သွားရောက်ခြင်းသည် အမှားမဟုတ်ပါ။ သို့သော် ဘ၀၏ခက်ခဲမှုများမှ ‘ထွက်ပြေးခြင်း’နှင့် ခက်ခဲမှုများကို ဘုရားရှင်ထံ ‘ယုံကြည် စိတ်ချစွာ အပ်နှံခြင်း’ကြား ကွာခြားမှုတစ်ခုရှိသည်။

ရှင်ယောဟန်ခရစ်ဝင် ၁၆ တွင် ရှင်ယေရှုက တပည့်တော်များအား ဘဝတွင် ကြုံတွေ့ရမည့်အရာများသည် သူတို့၏ယုံကြည်ခြင်းကို စစ်ကြောမည်ဖြစ်ကြောင်း “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု” (:၃၃) ကတိတော်ပေးခဲ့သည်။ တပည့်တော်များ မျှော်လင့်ခြင်းပြိုပျက်သွားမည်ကို သခင်အလိုမရှိခဲ့ပါ။ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကို ငါဟောပြောပြီ” (:၃၃)ဟု သူ့ကို ယုံကြည်ရန်နှင့် သူဖြည့်ဆည်းပေးသည့် ငြိမ်သက်ခြင်းကို သိရှိရန် ခေါ်ဖိတ်ခဲ့သည်။

သခင်ယေရှုသည် ကျွန်ုပ်တို့ကို နာကျင်မှုကင်းမဲ့သည့်ဘဝမျိုး ပိုင်ဆိုင်ရမည်ဟု ကတိ‌မပေးခဲ့ပါ။ သို့သော် ကျွန်ုပ်တို့ သူ့ကိုယုံကြည်ပြီး သခင်၌ ငြိမ်ဝပ်စွာ နားခိုပါက လောကမှပေးသည့် မည်သည့်လွတ်မြောက်မှုထက်မဆို သာ၍နက်နဲပြီး သာ၍ကျေနပ်ဖွယ်ကောင်းသော ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့တွေ့ကြုံခံစားရမည်ဟု ကတိပေးခဲ့သည်။