၁၈ လ သားအရွယ် Maison (မင်းဇံု) လေးသည် သူ့မိခင်၏အသံကို တစ်ခါမှ မကြားဖူးပါ။ ဆရာဝန်များက သူ့အား ပထမဆုံး နားကြားကိရိယာ တပ်ဆင်ပေး ပြီးနောက် မိခင်ဖြစ်သူ Lauryn (လော်ရင်း)က “သားလေး၊ မေမေ့အသံ ကြားရလား” ဟုမေးရာ ကလေးလေး၏မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ “ဟေး၊ သားလေး” ဟု လော်ရင်း ထပ်မံအသံပြုလိုက်သောအခါ ပြုံးရယ်နေသော မင်းဇံုလေးသည် နူးညံ့သော တခစ်ခစ်အသံလေးနှင့် မိခင်ဖြစ်သူအား တုံ့ပြန်လိုက်သည်။ မျက်ရည်ကျလျက် လော်ရင်းသည် အံ့ဩဖွယ်ရာကို မြင်တွေ့ခဲ့ရကြောင်း သူမသိလိုက်သည်။ အိမ်ဖောက်ထွင်းခံရစဉ် လော်ရင်းသည် သေနတ်နှင့် သုံးချက်အပစ်ခံခဲ့ရပြီးနောက် မင်းဇံုလေးကို လမစေ့ဘဲ မွေးခဲ့ရခြင်းဖြစ်သည်။ တစ်ပေါင်မျှသာရှိသော မင်းဇံုလေးသည် အထူးကြပ်မတ်ဆောင်တွင် ၁၅၈ ရက် နေခဲ့ရပြီး နားကြားရန်မပြောနှင့်၊ အသက်ရှင်ရန်ပင် မျှော်လင့်ချက်မရှိခဲ့ပါ။

ဤကြည်နူးဖွယ်အဖြစ်အပျက်လေးသည် ကျွန်ုပ်တို့ကို နားညောင်းနေသည့် ဘုရားသခင်အား အမှတ်ရမိစေသည်။ ရှောလမုန်မင်းကြီးသည် ခက်ခဲသောအချိန် များတွင် နားညောင်းတော်မူသော ဘုရားသခင်ထံ ပြင်းပြစွာဆုတောင်းခဲ့သည်။ မိုးမရွာဘဲ မိုးခေါင်ချိန် (၃ ရာ ၈:၃၅)၊ ငတ်မွတ်ခြင်းနှင့် အနာရောဂါဘေးကျရောက်ချိန် (:၃၇)၊ စစ်ချီချိန် (:၄၄) နှင့် အပြစ်ပြုမိချိန်များတွင် “သူတို့ဆုတောင်းပတ္ထနာပြုသောစကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ”ဟု ရှောလမုန်မင်းကြီး ဆုတောင်းခဲ့သည် (:၄၅)။

ကောင်းမြတ်တော်မူသော ဘုရားသခင်သည် ကျွန်ုပ်တို့၏နှလုံးသားများကို ရိုက်ခတ်သည့်ကတိတော်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ “ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့် ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်” (၆ ရာ ၇:၁၄)။ ကောင်းကင်နိုင်ငံသည် အလှမ်းဝေးကောင်းဝေးနိုင်သည်။ သို့သော် သခင်ယေရှုသည် သူ့ကိုယုံကြည်သူများနှင့် အတူရှိနေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆုတောင်းသံများကို နား‌ထောင်ပြီး အဖြေပေးပါသည်။