၁၉၂၉ ခုနှစ်က အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းပြီး လူသန်းပေါင်းများစွာတို့မှာ အရာအားလုံးကို ဆုံးရှုံးခဲ့ကြသော်လည်း Floyd Odlum (ဖလွိုက်အော့လုမ်)တော့ မပါဝင်ခဲ့ပါ။ လူတိုင်းက ကြောက်ရွံ့ပြီး သူတို့၏စတော့ ရင်းနှီးမြှုပ်နှံမှုများကို လျှော့ဈေးဖြင့် ရောင်းချခဲ့ကြသည့် တိုင်းပြည်၏အနာဂတ်ပြိုလဲချိန်တွင် အော့လုမ် က စတော့များကို ဝယ်ယူခြင်းသည် မိုက်မဲသည့်ပုံပေါ်နေသည်။ သို့သော် အော့လုမ်၏ “မိုက်မဲသော”အမြင်သည် အကျိုးရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာသည်ထိ တောင့်ခံနိုင်သောကြံ့ခိုင်သည့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိခဲ့သည်။

ဘုရားသခင်သည် ယေရမိအား ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ရှိသောလယ်ကို ၀ယ်ခိုင်းခြင်းသည် (ယေ ၃၂:၈) လုံး၀အဓိပ္ပာယ်ရှိပုံမရသည့် ရင်းနှီးမြှုပ်နှံမှုပြုခိုင်းသလိုဖြစ်သည်။ တစ်နိုင်ငံလုံး သိမ်းပိုက်ခံရလုနီးနီးအချိန် ဖြစ်ခြင်းကြောင့် ထိုအချိန်သည် လယ်မြေ၀ယ်ရမည့်အချိန်မဟုတ်ပါ။ “ဗာဗုလုန်ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ” (:၂)။ ယေရမိဝယ်ယူသည့် မည်သည့်မြေမဆို မကြာမီ ဗာဗုလုန်တို့အပိုင် ဖြစ်သွားမည်။ မကြာမီ အရာအားလုံးကို ဆုံးရှုံးရတော့မည့်အချိန်တွင် မည်သည့်မိုက်မဲရူးသွတ်သူက ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်နည်း။

မည်သူမှ မျှော်မှန်းမထားသည့် အနာဂတ်ကို ရည်ရွယ်ထားသည့် ဘုရားသခင် ၏စကားကို နားထောင်သူက ရင်းနှီးမြှုပ်နှံပြုပါသည်။ “ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြလေဦးမည်” (:၁၅)ဟု ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရား မိန့်တော်မူသည်။ ဘုရားရှင်သည် ပျက်စီးမှုများထက်ကျော်လွန်ပြီး မြင်သည်။ ကိုယ်တော်သည် ရွေးနုတ်ကယ်တင်ခြင်း၊ အနာငြိမ်းခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ကို ဆောင်ကြဥ်းလာမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ မဖြစ်နိုင်သောရင်းနှီးဆက်နွယ်မှု (သို့) ဘုရားသခင်အတွက် အစေခံခြင်းသည် ရူးမိုက်ခြင်း မဟုတ်ပါ။ ထိုအမှုအရာ ဖြစ်နိုင်အောင် ဘုရားသခင်၏စေခိုင်းမှုကို အမြော်အမြင်အရှိဆုံး နာခံလုပ်ဆောင်သည့် အပြောင်းအရွှေ့တစ်ခုဖြစ်သည် (ညွှန်ကြားမှုများ၏နောက်၌ ကိုယ်တော်ရှိကြောင်းသိရန် ဆုတောင်းလျက် ရှာဖွေရန်လိုသည်)။ ဘုရားသခင်ဦးဆောင်မှုကိုနာခံသည့် “ရူးနှမ်းသော”မြှုပ်နှံမှုသည် လောကတွင် အဓိပ္ပာယ်အရှိဆုံးပင်ဖြစ်သည်။