ကျွန်မ၏သားအငယ်ဆုံးလေး Xavier (စေဗီယာ) မူကြိုကျောင်းတက်သည့်အရွယ် တွင် ကျွန်မ၏သားများကို နှုတ်ကပတ်တော် စတင်ဖတ်ပြခဲ့သည်။ ၎င်းတို့ သင်ယူနိုင်မည့် အခြအနေကိုရှာဖွေပြီး အသက်တာတွင် ပြန်လည်အသုံးချနိုင်မည့် ကျမ်းညွှန်းများကို ဝေငှလျက် ကျွန်မနှင့်အတူတကွဆုတောင်းရန် သူတို့ကို အားပေးခဲ့သည်။ စေဗီယာသည် အားထုတ်စရာမလိုဘဲ နှုတ်ကပတ်တော်များကို ကျက်မှတ်နိုင်ခဲ့သည်။ ကျွန်မတို့ဉာဏ်ပညာကို လိုအပ်သည့် ခက်ခဲချိန်များနှင့်တွေ့ကြုံရစဥ် စေဗီယာသည် ဘုရားသခင်၏သမ္မာတရားကို ထင်ဟပ်စေသည့် ကျမ်းပိုဒ်များကို ရွတ်ပြခဲ့သည်။

တစ်နေ့ ကျွန်မဒေါသထွက်ပြီး သူကြားနိုင်သည့်အကွာအဝေးတွင်း ကြမ်းတမ်းစွာ ပြောဆိုမိရာ သားကကျွန်မကိုဖက်ပြီး “မားမားဟောပြောတဲ့အတိုင်း လက်တွေ့လုပ်ဆောင်ပါ” ဟုပြောခဲ့သည်။

စေဗီယာ၏ နူးညံ့သော သတိပေးချက်သည် အရပ်ရပ်သို့ ကွဲပြားနေသည့် ဣသရေလလူမျိုး ယုံကြည်သူများအား ရည်ညွှန်းသည့် ရှင်ယာကုပ်၏ အမြော်အမြင်နှင့် အကြံပြုချက်ကို ထင်ဟပ်စေသည် (ယာ ၁:၁)။ ခရစ်တော်အတွက် သက်သေခံမှုတွင် နှောင့်ယှက်ဝင်ရောက်လာနိုင်သည့် ဒုစရိုက်နည်းလမ်းများစွာကို မီးမောင်းထိုးပြပြီး “အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူ”ရန် (:၂၁) ရှင်ယာကုပ်တိုက်တွန်းထားသည်။ နှုတ်ကပတ်တော်ကို နားထောင်ပြီး မနာခံပါက “ကိုယ်ကိုယ်ကိုယ်ကြည့်ပြီးမှ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်သူ” (:၂၃-၂၄) ကဲ့သို့ဖြစ်မည်။ သခင်ယေရှု၏ အသွေးတော်အားဖြင့် ရရှိထားသော ဘုရားသခင်၏ပုံသဏ္ဌာန်ဆောင်သူများ ဟူသည့်အခွင့်ထူးကို ကျွန်မတို့ ဆုံးရှုံးရလိမ့်မည်။

ယုံကြည်သူများသည် သတင်းကောင်းကိုဝေမျှရမည်ဟု အမိန့်တော်ရှိသည်။သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်မတို့ကို သာ၍ကောင်းသော သတင်းကောင်းကို ကိုယ်စားပြု ပို့ဆောင်သူများဖြစ်စေရန် ပြုပြင်ပေးသည်။ နှစ်သက်ဖွယ်သောနာခံမှုသည် ဘုရားသခင်၏ ချစ်ခြင်းနှင့်သမ္မာတရားအလင်းကို ထင်ရှားစေရန် မစလျက် မိမိဟောပြောသည့်အတိုင်း လက်တွေ့ကျင့်သုံးပါက ကျွန်မတို့ကို ကိုယ်တော်မည်သည့်နေရာပို့ပို့ အခြားသူများအား သခင့်ထံ ပြညွှန်နိုင်မည်။