ကျွန်မသည် တရားရုံး၌ ထိုင်နေရင်း၊ ေလောကကြီး၏ကြေကွဲစရာဖြစ်ရပ်များကို မြင်တွေ့ခဲ့ရသည်။ မိခင်နှင့် ပဋိပက္ခဖြစ်ပြီး စိမ်းကားနေသောသမီး၊ တစ်ချိန်က ရှိခဲ့ဖူးသောမေတ္တာများ ပျောက်ဆုံးပြီး ယခုတွင် ခါးသီးမှုများကိုသာ တွေ့ကြုံခံစားရသည့် ဇနီးမောင်နှံ၊ ဇနီးနှင့်ပြန်လည်သင့်မြတ်ပြီး သားသမီး၊ မိသားစုနှင့်ပြန်လည် ပေါင်းစည်းလိုသောခင်ပွန်း စသည်ဖြင့် အမှုစုံလှသည်။ ပြောင်းလဲသည့်စိတ်နှလုံး၊ ဒဏ်ရာများကို ကုသပျောက်ကင်းလျက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလွှမ်းမိုးမှုကို သူတို့ခံစားရရန် မဖြစ်မနေ လိုအပ်လျက်ရှိသည်။
တစ်ခါတစ်ရံတွင် မိမိပတ်ဝန်းကျင်၌ အမှောင်ထုနှင့် စိတ်ပျက်ဖွယ်ရာများကို ကြုံရသောအခါ ကျွန်ုပ်တို့လည်း စိတ်ပျက်အားလျော့သွားရန် လွယ်လှသည်။ သို့သော် ထိုကြေကွဲခြင်းနှင့်နာကျင်မှုများကို ကြုံတွေ့နေရသူများအတွက် သခင်ယေရှုအသေခံခဲ့ကြောင်း ခရစ်တော်ကိုယုံကြည်သူများအထဲ၌ ကိန်းဝပ်သောဝိညာဥ်တော်က ကျွန်ုပ်တို့ကို သတိပေးနေသည် (ယော ၁၄:၁၇)။ ရှင်ယေရှုသည် လောကသို့ လူသားအဖြစ် ကြွလာသောအခါ မှောင်မိုက်ထဲသို့ အလင်းကို ဆောင်ယူပေးခဲ့သည် (၁:၄-၅၊ ၈:၁၂)။ အမှောင်ဖုံးချိန်၌ သခင်ယေရှုထံသို့ တိတ်တဆိတ် ရောက်လာပြီးနောက် အလင်းနှင့်ထိတွေ့သွားသော နိကောဒင်နှင့်သခင်တို့ အပြန်အလှန်ပြောသည့်စကားများ၌ ဤအချက်ကို တွေ့ရသည် (၃:၁–၂၊ ၁၉:၃၈-၄၀)။
“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏”ဟု နိကောဒင်အား သခင်ယေရှု သွန်သင်ခဲ့သည် (ယော ၃:၁၆)။
လောကသို့ အလင်းနှင့်ချစ်ခြင်းမေတ္တာကို သခင်ယေရှု ယူဆောင်ခဲ့ သော်လည်း လူအများသည် အပြစ်၏အမှောင်ထု၌ ပျောက်ဆုံးလျက်ရှိသည် (:၁၉ -၂၀)။ ကျွန်ုပ်တို့သည် ခရစ်တော်၏နောက်တော်လိုက်များ ဖြစ်ပါက ကျွန်ုပ်တို့၌ အမှောင်ကိုခွင်းနိုင်သောအလင်း ရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏ချစ်မေတ္တာကို အချက်ပြသည့်ကိရိယာအဖြစ် အသုံးပြုတော်မူပါစေဟု ကျေးဇူးသိသောစိတ်ဖြင့် ဆုတောင်းကြပါစို့ (မ ၅:၁၄-၁၆)။